About Me

ဖြိုး အလ်ဝိုင်
View my complete profile

ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၈)


ဘာသာခြားများ မေးခွန်းများအတွက် အဖြေများ (၈)



မေးသူ - မဇင်သူမင်း (zinthu.min@gmail.com)
ဖြေကြားပေးသူ- ဦးဌေးလွင်ဦး (htaylwinoo@islammyanmar.com)

မဇင်သူမင်း 
မင်္ဂလာပါ ဦးဌေးလွင်ဦး
ကျွန်မက ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ အစ္စလာမ်ဘာသာအကြောင်းကို ဦးရဲ့ Web site မှာမှပထမဆုံးတွေ့ဖူးတာပါ။ ကျွန်မသိချင်တဲ့အချက် (၃)ချက်ကို ဦး ဖြေဆိုနိုင်မယ်ဆိုလျှင် ဖြေဆိုပေးစေချင်ပါသည်။
၁) ဦးက နဂိုတည်းကအစ္စလာမ်ဘာသာဝင်လား၊
၂) ဦးအနေနဲ့အစ္စလာမ်ဘာသာရဲ့ဘယ်အယူအဆကို အဓိကသက်ဝင်ယုံကြည်တာပါလဲ၊
၃) ဘာအကြောင်းကြောင့် အဓိကသက်ဝင်ယုံကြည်ရတာပါလဲ၊

လေးစားစွာဖြင့်
မဇင်သူမင်း

ဦးဌေးလွင်ဦး
မင်္ဂလာပါ- သမီး
(၁) ဟုတ်ပါတယ်- မိဘ လက်ထက်ကတည်းက မွတ်စလင် ဖြစ်တာပါ။ ဘယ်လို ဖြစ်လာသလဲတော့ ဦးမသိဘူး။ အမျိုး တစ်ဝက်လောက်က ရခိုင်လူမျိုးစစ်စစ် မွတ်စလင်တွေ ဖြစ်ပြီး အမျိုးတစ်ဝက်လောက်က ဗုဒ္ဓဘာသာတွေ ဖြစ်တယ်။ ဘာ ပြသနာမှ မရှိတဲ့ အသိုင်းအ၀ိုင်းပါ။ တစ်အိမ်ထဲမှာ ဘာသာနှစ်ခု ယှဉ်တွဲနေထိုင်တဲ့ မိသားစုက ဆိုပါတော့။

(၂) ဦးက ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းတယ်။ ဗုဒ္ဓဘာသာ ဓလေ့ကိုပဲ သိတယ်။ အစ္စလာမ် ဓလေ့ ဘုရားရှိခိုးတာက အစ ဆယ်တန်းကျောင်းသား ဘ၀ ရောက်မှ သင်ယူခဲ့တယ်။-- ဒီအရွယ်မှာ ဦးက စာတွေ အများ ကြီး (လက်လှမ်း မှီသလောက် ဖတ်နေပါပြီ)။ အမျိုးကြားမှာ ဘယ်လိုပဲ သင့်မြတ်သင့်မြတ်- ၁၉၈၂ ခုနောက်ပိုင်းမှာ အမျိုး တစ်ချို့ထဲမှာ ဗုဒ္ဓဘာသာ အယူသည်းမှုတွေ စတင်ပေါ်လာတယ်၊ ဒီအခါမှာ စာဖတ်ဝါသနာရှိပြီး လူချစ်လူခင်ပေါတဲ့ ဦးကို သူတို့က ဗုဒ္ဓဘာသာ ဖြစ်စေချင်လာတယ်။ အဖေရဲ့ ညီအစ်ကိုမောင်နှမအားလုံး ဗုဒ္ဓဘာသာ ဖြစ်တဲ့အပြင် စစ်ဝန်ထမ်း အရာရှိကြီးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိကြီးတွေ ဖြစ်တာက တစ်ကြောင်း၊ အမေ့ဘက်ကလည်း စစ်ဝန်ထမ်း အရာရှိ တွေ ဖြစ်လာပြီး ဗုဒ္ဓဘာသာ အဖြစ် ခံယူသွားတာက တစ်ကြောင်းနဲ့ ဦးကို စတင်ပြောပါတော့တယ်။ (မိဘကတော့ ဦးတို့ ညီအစ်ကိုတွေကို ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ပြသနာမရှိတဲ့ မိဘ ဖြစ်တဲ့အပြင် အဖိုးတော် ဘုန်းကြီးတွေလည်း ရှိနေတယ်။) ဒီအချိန်မှာ မွတ်စလင်နာမည်အောက်က ဦးမှာ မွတ်စလင်ပညာတတ်အမျိုးဆိုလို့ နီးနီးကပ်ကပ် မရှိတဲ့အပြင် အပေါင်းအသင်းလည်း မရှိပါ။ ထူးခြားတာက အဖိုးတော် ဘုန်းကြီးများက ဦးရဲ့ မိဘအပေါ်မှာလည်း သြဇာလွှမ်းမိုးမှု ရှိတယ်။ ဦးတို့ ညီအစ်ကိုတွေကို အရမ်းချစ်တယ်- (ပွင့်ပွင့်လင်းလင်း ပြောရရင်- ဦးတို့ ညီအစ်ကိုအပေါ် ယင်နားတောင် မခံတဲ့ ဆရာတော်ကြီးတွေပါ။) ဒီလို ဆရာတော်အဘိုးဘုန်းကြီးများက ဦးတို့ကို ပညာတတ်တွေ ဖြစ်စေချင်၊ စာရိတ္တ ကောင်းစေချင်တယ်- ဒါကလွဲ ဘယ်ဘာသာအကြောင်းကိုမှ မပြောခဲ့ပါ။ (ရီးစားထားမိရင်သာ ပြသနာအကြီးကြီး ရှိ တယ်။) ဘာသာရေးကို ဆွဲပြောနေတာက အမျိုးထဲက ဦးလေးဝမ်းကွဲ တစ်ချို့သာ ဖြစ်လာတယ်။ သူတို့က ဗုဒ္ဓဘာသာ များပါ။ ဒီကစ ဦးက ဘာသာရေးကို စတင်လေ့လာပါတော့တယ်။ (လေ့လာခဲ့တဲ့ အချိန်မှာ အဘိုးဘုန်းကြီးများက ကျေးဇူးရှင်ကြီးတွေပါ။)- မလိမ်မညာတမ်းပြောရရင်- မွတ်စလင်တွေကို ဦးကိုယ်တိုင်လည်း ငယ်စင်ကပဲ အမြင်မကြည် လင်ခဲ့ပါ။ သင်္ကန်းဝတ်ရုံထားတဲ့ ဆရာတော်ကြီးများကို ကြည်ညိုချစ်ခင်ရင်းစွဲ လူတစ်ဦးအနေနဲ့ မုတ်ဆိတ်တစ်ဖုတ်ထား ကုလားအင်္ကျီ ကားယားဝတ်တဲ့ လူတစ်ဦးကို ဘာသာရေး ဆရာတော်အဖြစ် လက်ခံရမှာကိုလည်း ၀န်လေးခဲ့တယ်။ ဒါပေ မယ့် စပ်စုချင်တဲ့ စိတ်တော့ ရှိခဲ့တယ်။ ဒီကြားထဲမှာ ဘကြီးတော်တစ်ဦးက ခရစ်ယာန် စနေအသင်းကို ၀င်သွားခဲ့ပြီး သင်းအုပ်ဆရာတစ်ဦး ဖြစ်ပြန်တယ်။ သူကလည်း ဘာသာရေး ဆွဲဆောင် စကားပြောပြန်တယ်။ ဒီကြားထဲမှာ ပျော်စရာ တော့ ကောင်းသားပါ။ ကြုံရာ အကုန်စပ်စု ထင်ရာ လျှောက်ပြောတဲ့ အရွယ်လည်း ဖြစ်နေပြန်တော့ သူများတွေလို မျိုးချစ် မျက်ကန်ုးဖြစ်ဘို့ အချိန်မရခဲ့ဘူး။ (ဆိုလိုတာက ကြားချင်ချင် မကြားချင်ချင် ဘာသာသုံးခု အကြောင်းကို တစ်ပြိုင်နက် ကြားနာနေခွင့်ရခဲ့တယ်- ဆိုပါတော့)။ ဒီမှာ လူတွေ အပြင်ဘန်းပြောနေတဲ့ မွတ်စလင်ဆိုတာနဲ့ လက်တွေ့ အစ္စလာမ် ဆိုတာ၊ လူတွေ အပြင်ဘန်းပြောနေတဲ့ ဗုဒ္ဓဘာသာနဲ့ လက်တွေ့ လေ့လာမှု ဗုဒ္ဓဘာသာ၊ လူတွေ အပြင်ဘန်းပြောနေတဲ့ ခရစ်ယာန်နဲ့ လက်တွေ့ လေ့လာဖြစ်တဲ့ ခရစ်ယာန် အတော်ကို ကွာခြားနေပါတယ်။ ဒါကို သတိထားမိရာကစ-- သူများတွေ ပြောနေတာ၊ ဓမ္မစရိယတွေ ရေးသားထောက်ပြနေတဲ့ ကျမ်းချက်များထက် ကျမ်းမူရင်း (ပိဋကတ်၊ သမ္မာကျမ်း၊ ကုရ်အံ ကျမ်းကို အစအဆုံး သေသေချာချာဖတ်မှ ငါကိုယ်တိုင် သိမယ်ဆိုတဲ့ အသိဝင်လာခဲ့တယ်။) အဲ့ဒီကစ ပါဠိစာပေ၊ အင်္ဂလိပ် နဲ့ အာရ်ဗီစာကို ကိုယ်တိုင် တတ်အောင် စတင်သင်ယူခဲ့တယ်။ ကျမ်းစာအုပ်အားလုံးကို ကိုယ်တိုင်ရအောင်ဝယ်ပြီး လက်တွေ့ ဖတ်ကြည့်မယ်ဆိုတဲ့ စိတ်နဲ့ ရအောင် ၀ယ်ယူခဲ့တယ်။) ပြီးမှ အစ္စလာမ်သာသနာကို ဦးရဲ့ ဘ၀အတွက် ရွေးချယ် ခဲ့တယ်။ ဒီကြားထဲမှာ ဦးဆန်းလွင် (ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူတစ်ဦး စာအုပ်) ဟာလည်း အမျိုး တော်စပ်သူတစ်ဦး ဖြစ်နေတော့ သူနဲ့လည်း ဆွေးနွေးဖြစ်ခဲ့တယ်။ မခိုင်မာတဲ့ သီအိုရီများကို ဦးအနေနဲ့ စတင်အထင်သေး လာခဲ့ပါတော့တယ်။ မိမိရဲ့ အမျိုးတွေကိုလည်း သူတို့တွေ အကုန်မသိပါလား- ကြားဘူးနားဝနဲ့ ငြင်းနေသူများ ဖြစ်တယ်ပါ လားလို့ ကရုဏာ ဖြစ်လာခဲ့တယ်။ ဒါကို ကိုယ်ချင်းစာပြီး သိနိုင်သလောက် သိပါစေတော့ရယ်လို့ ဦး အချိန်ရသမျှ ကြိုးစား ပြီး အစ္စလာမ်ကို မြန်မာမှုပြု တင်ပြနေတာပါ။ (မသိဘဲ အကုသိုလ် ပွားနေမယ့် အစား၊ ရာထူး ဌာနကို မက်မောပြီး အမှန်ကို ဖုံးထားမိမယ့် အစား၊ လူများစုကြီးနဲ့ အလိုက်သင့်နေမယ့် အစား) အမှန်တစ်ခုကို အများသူငါ သိအောင် ပြောလိုတဲ့ ဆန္ဒ ဦးဆီမှာ ကိန်းဝပ်လာပါတယ်။

(၃) ဘာအချက်ကို အဓိကထားပြီး အစ္စလာမ်ကို လက်ခံရသလဲ- ဆိုတာက အဓိက နှစ်ချက်ပါ။ (၁) ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်မှာ ခိုင်ခိုင်မာမာ တစ်သမတ်တည်း လက်ခံရလောက်မယ့် ယုတ္တိကိုက်ညီမှု ပညတ်ပြဌာန်းချက်များ မရှိပါ။ ကြားဘူးနားဝများနဲ့ ပုံပြင်များ အလွန်ရောပြွန်းပါတယ်။ အမျိုးသားရေးဝါဒီနဲ့ ယဉ်ကျေးမှု ရောထိန်းထားပေမယ့်- တစ်ကယ် တမ်းမှာ လူ့လောကအတွက် လက်တွေ့ အသုံးမ၀င်ဘူးလို့ မြင်ပါတယ်။ နောက်ဆုံး ငါးပါးသီလ ဆိုတာတောင် ဗုဒ္ဓ မပေါ်မှီ ကတည်းက နဂို ရှိနေပြီး ဂရုဓမ္မသီလ ဖြစ်နေပါတယ်။ တစ်ချို့သော လူကျင့်ဝတ်ကောင်းမွန်စေတဲ့ အဆုံးအမများ ရှိပေ မယ့်- အဲ့ဒီ ကျင့်ဝတ်များအတွက် အဲ့ဒီ ဘာသာတစ်ခုကို ရွေးချယ်စရာမလိုပါ၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ ကျင့်ဝတ် ထုံးတမ်းများက ဘာသာတိုင်းမှာ ပါဝင် နေပါတယ်။ (၂) ကိုယ်တိုင် မမြင်ဘူး၊ မဆုံဘူးတဲ့ လူပုဂ္ဂိုလ်တစ်ဦးဦး (ဂေါတမ၊ ယေရှု၊ မုဟမ္မဒ်) တို့ကို  သူတို့ဟာ လူသားဘုရား တွေ ဖြစ်ပါတယ်လို့ အစဉ်အလာက ပြောတိုင်း ဦးမှာ လက်ခံနိုင်အား မရှိပါ။ သူတို့တွေက တစ်ကယ် ဘုရား ဖြစ်သလား၊ မဖြစ်ဘူးလား- ဘုရားဆိုတာ လူသာမန်များ မသိနိုင်တာကို သေချာ ပေါက် ထိုးဖေါက်သိပြီး ခိုင်မာယုတ္တိရှိတဲ့ စကားကို ပြောဆိုဟောကြား ခဲ့နိုင်ရမယ်- လို့ ခံစားမိပါတယ်။ ဒီနေရာတစ်မျိုး- ဟိုနေရာတစ်မျိုး လျှောက်ပြောနေတာက အာဏာမက်နိုင်ငံရေး သမားတစ်ဦး ရဲ့ အင်္ဂါရပ်သာ ဖြစ်ပါတယ်။ ဒီလို ဆင်ခြင်တဲ့ အခါ- မုဟမ္မဒ်ပါးစပ်က ထွက်ခဲ့တဲ့ ကုရ်အံကျမ်းက ရှေ့နောက် ယုတ္တိခိုင်မာညီညွတ်နေပြီး ကျန်တဲ့ ကျမ်းများက အလွန်တရာ ရှေ့နောက်မညီမညွတ်မှုတွေ များနေပါတယ်။ လုံးဝ ဆန့်ကျင့်နေတဲ့ သဘောတရားတွေကိုလည်း အကြီး အကျယ် တွေ့နေရပါတယ်။

ဟိုတစ်မျိုး ဒီတစ်မျိုး လျှောက်ပြောနေတဲ့ လူတစ်ယောက်နောက်ကို လိုက်မလား၊ သို့မဟုတ် မုန်းချင်မုန်း ချစ်ချင်ချစ် တစ်သမတ်တည်း ပြောနေတဲ့ လူတစ်ဦးရဲ့ နောက်ကို လိုက်မလား ဆုံးဖြတ်တဲ့အခါ- ဦးကတော့ တစ်သမတ်တည်း ပြောဆို သူရဲ့ နောက်ကိုပဲ လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလောက်ဆို သမီးမေးထားတာများ ငုံ မိမယ် ထင်ပါတယ်။ ဆက်လက် သိလိုရင်လည်း ဆက်လက်မေးမြန်းနိုင်ပါတယ်။ ဦးရဲ့ အဖြေတွေမှာ ပုတ်ခတ်သလို ဖြစ်နေရင်လည်း ပြန်လည်ဆွေးနွေးနိုင်ပါတယ်။ ဦး ရည်ရွယ်ချက်အရင်းခံမှာ ဘယ်သူ့ကို မှ ပုတ်ခတ် လိုစိတ် မရှိပါ။ ဆန်းစစ်ဝေဖန်ခြင်းနဲ့ ပုတ်ခတ်စော်ကားခြင်း မတူညီဘူး ဆိုတော့တော့ သမီး သိနေမှာပါ။

လေးစားလျှက်
ဌေးလွင်ဦး


မဇင်သူမင်း-
ဦးနဲ့အခုလို ဘာသာရေးအလွန်ဝါသနာပါပြီး စာဖတ်ဝါသနာပါသူအချင်းချင်း သိခွင့်ရတာ အလွန်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘယ်မူရင်းကျမ်းစာကိုမှ မဖတ်ဘူးပါ။ ဦးကိုမေးခဲ့တဲ့ မေးခွန်းတွေအတိုင်း ကျွန်မကိုယ်ကျွန်မ ပြန်လည် မိတ်ဆက်ပါရစေ။

၁) ကျွန်မကလည်းမိဘလက်ထက်ကတည်းက  ဗုဒ္ဓဘာသာပါ။
၂) ဗုဒ္ဓဘာသာရဲ့ ပန်းတိုင်နိဗ္ဗာန်အယူအဆကို အဓိကသက်ဝင်ယုံကြည်တာပါ။
၃) ဗုဒ္ဓဘာသာရဲ့လက်တွေ့ကျင့်လို့ရတာကို အကြိုက်ဆုံးပါပဲ။ ငယ်စဉ်က ကျွန်မဟာ ဂျစ်ကန်ကန်နဲ့ တော်လှန်တတ်တဲ့ ကလေးတစ်ဦးဖြစ်ခဲ့ပါတယ်။ အဖိုးကနွေရာသီကျောင်းပိတ်ရက်ဆို ကျွန်မဖတ်ဖို့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ ယူလာပါတယ်။ စာအုပ်တွေဖတ်ပြီးရင် ကျွန်မက အဖိုးကိုမေးခွန်းတွေ မေးတတ်ပါတယ်။ အဖိုးယူလာတဲ့ စာအုပ်တွေထဲမှာ စိန္တာမဏိဂါထာ၊ ရှင်အရဟံပုတီးစိပ်နည်း၊ နောကိုးတန်ဂါထာ၊ ဂုဏ်တော်ကိုးပါး စတဲ့ဂါထာပေါင်းစုံကို တွေ့တော့ စမ်းသပ် ချင်စိတ်တွေ ပေါ်လာပါတယ် ဦး။ ဒါနဲ့အဲဒီဂါထာတွေကို အများဆုံးအခေါက် (၁၀၀၀) ထိပုတီးစိပ်ပြီး ဘယ်လောက်စွမ်း လဲဆိုတာ စမ်းသပ်ခဲ့ပါတယ်။ တစ်နေ့ ကျွန်မကျောင်းသွားဖို့ ပြင်ဆင်ချိန်မှာ စိတ်အာရုံထဲ ကျောင်းသွားမယ့်လမ်းမှာ တွေရ မယ့် လူတွေနဲ့ အဖြစ်အပျက်တွေကို ရုတ်တရက်ထင်လာပါတယ်။

ကျွန်မ တကယ်ကျောင်းသွားတော့ အာရုံထဲမှာမြင်ခဲ့တဲ့အတိုင်း တကယ်ဖြစ်တာကို တွေ့လိုက်ရပါတယ်။ ငါက အကြား အမြင်ရသလို သမထဆန်ဆန်တွေများဖြစ်တာလား အဲဒီလိုတော့မဖြစ်ချင်ဘူးဆိုပြီး ရွတ်လက်စဂါထာတွေကို ရပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်ကတော့ ကျွန်မနိုင်ငံခြား မထွက်ခင် တရားစခန်း (၁၅) ရက်ဝင်ခဲ့ပါတယ်။ အဲဒီမှာ တစ်နာရီခြားတစ်ခါ တရားထိုင်ပြီးတိုင်း တရားစစ်ပေးပါတယ်။ တစ်နေ့ကို (၇) ကြိမ် တရားထိုင်ရပါတယ်။ (၁၅) ရက်ပြီးလို့ အဓိဌာန်ဝင်တဲ့အခါ ပထမမဂ် ရရှိခဲ့ကြောင်း ကျွန်မရဲ့ခန္ဒာကိုယ်က ကျွန်မကိုသက်သေပြပါတယ်ဦး။

အစ္စလာမ်ဘာသာမှာရော လက်တွေ့ကျင့်လို့ရတဲ့ နည်းများရှိသလားဆိုတာ သိပါရစေဦး။

လေးစားစွာဖြင့်
မဇင်သူမင်း


ဦးဌေးလွင်ဦး-

မင်္ဂလာပါ သမီး--
သမီး အခုပြောလာမယ့် စကားတွေကို မနေ့ကတည်းက ဦး ကြိုသိနေပါတယ်၊ နောက်ထပ် ဘာပြောလာဦးမယ် ဆိုတာလဲ နောက် ထပ်သိနေပါတယ်။ (မယုံရင် သမီးက သမီးဘာပြောလာမလဲ သိချင်တယ် လို့ ပြန်မေးကြည့်ပါ)--။ တစ်ကယ်တော့ ဒါတွေဟာ အတွေ့အကြုံနဲ့ လေ့ကျင့်အားကြောင့် ဖြစ်နိုင်တယ်။ သမီးလို လူတွေ အများကြီးနဲ့ မေးဖြေ ဆွေးနွေးခဲ့တာ နှစ် ပေါင်း ၂၀ ရှိပြီ ဖြစ်တဲ့ အတွေ့အကြုံက ဦးကို သင်ပေးလိုက်တာလဲ ဖြစ်နိုင်ပါတယ်။--

သမီးကို အကြောင်းအရာလေး တစ်ခုပြောပြပါမယ်။ အခု ပါကစ္စတန်လို့ ခေါ်တဲ့ အရပ်မှာ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ပရ်ဝေ့ဇ် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့တယ်။ သူဟာ ဘာသာရေးကို ရုပ်ပိုင်းဆိုင်ရာနဲ့ ချည်းကပ်ဆုံးဖြတ်သူပါ။ သူ့ရဲ့ ချည်းကပ်မှုက တစ်ခုချင်းကို ကွန်ပြူတာနဲ့ တွက်ပြီး အဖြေထုတ်သလိုပဲ-၊ အခုခေတ်ထိ ဘယ်သူမှ မကျော်နိုင်သေးဘူး ဆိုရပါမယ်။-

သူဟာ အစ္စလာမ်ဝိပဿနာဂိုဏ်းရဲ့ အဓိပတိ ဆရာတော်ကြီးတစ်ဦးရဲ့ သားပါ။ သူ့မိဘ ဘိုးဘွားလက်ထက်ကပဲ-- နီးစပ် သလို သူလည်း ဟုတ်ဟုတ် မဟုတ်ဟုတ် အဲ့ဒီ ကျင့်စဉ်တွေမှာ ကျင်လည်ကျက်စားခဲ့ရပါတယ်။

ဒါနဲ့ သူက တက္ကသိုလ်ကို တက်ရတော့မယ် ဆိုတော့ အဲ့ဒီခေတ်က အိန္ဒိယပြည်မကြီးကို လာခဲ့တယ်။ ဘုံဘေမြို့မှာ ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး အလွန်ခင်သွားတယ်၊ အဲ့ဒီ သူငယ်ချင်းက ဟိန္ဒူဘာသာဝင် ဖြစ်တယ်။ တိုက်ဆိုင်ချင် တော့ အဲ့ဒီ သူငယ်ချင်းကလည်း-- မျိုးရိုးအလိုက် ဟိန္ဒူပဿနာဂိုဏ်းက အဓိပတိရဲ့ မျိုးရိုးက ဖြစ်နေပြန်တယ်။ ဒါနဲ့ ပရ်ဝေ့ဇ် က သူ့သူငယ်ချင်းနဲ့ ဟိန္ဒူဘုရားကျောင်းကို အလယ်လိုက်သွားတော့--၊ ပရ်ဝေ့ဇ်ရဲ့ မျက်နှာကို ကြည့်ပြီး ဟိန္ဒူပန်ဒက်ကြီးက အံ့သြနေတယ်။ အလားတူပဲ ပရ်ဝေ့ဇ်ကလည်း ဟိန္ဒူပန်ဒက်ကြီး မျက်နှာကို ကြည့်ပြီး အံ့သြနေခဲ့တယ်။ သူနဲ့ အတူပါသွား တဲ့ သူငယ်ချင်းက - အဲ့ဒီ အချိန်မှာ သူတို့ နှစ်ယောက်ဟာ သာမန်လူတွေနဲ့ ကွဲပြားနေပြီး-- မျက်နှာမှာ အလင်းရောင်တွေ ထင်ဟပ်နေတယ်လို့ ပြောခဲ့တယ်။

ဒီနောက်ပိုင်းမှာ ပရ်ဝေ့ဇ်ဟာ ဘာသာရေး ဆိုတာ ဘာလဲလို့ စတင်စူးစမ်းပါတော့တယ်။ “ဘာသာရေးဆိုတာ ဟိန္ဒူ မဟုတ်၊ အစ္စာလာမ်မဟုတ်၊ ခရစ်ယာန်မဟုတ်၊ ဗုဒ္ဓဘာသာ၊ ဂျိန်း မဟုတ်---၊ ဘာနဲ့မှာ စကားလုံး ပုံဖွဲ့လို့မရတဲ့ အနှစ်သာရ တစ်ခုလို့ မှတ် ချက်ပေးခဲ့တယ်။”

အခု လူသားတွေ ပြောနေတာတွေက-- ဘာသာရေး အကြောင်း မဟုတ်ဘူး၊ သူ့ပါတီ၊ ငါ့ပါတီ- သူ့ဂိုဏ်း ငါ့ဂိုဏ်း၊ သူ့ ဘာသာ ငါ့ဘာသာ- ဆိုတဲ့ အင်အားပြိုင် အုပ်စုတွေရဲ့ အကြောင်းမျှသာ ဖြစ်တယ်--၊ သမီး။
----------------
သမီးပြောတဲ့ ကျင့်စဉ်မျိုးတွေ အစ္စလာမ်မှာ အလွန်တရာ ပေါများပါတယ်။ ဒီကျင့်စဉ်မျိုးက ဘာသာစကား မတူတာကလွဲ- လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက်ကပဲ တည်ရှိနေတဲ့ ကျင့်စဉ်မျိုးပါ သမီး။

ဒါတွေဟာ ဘာသာရေး မဟုတ်သေးပါ။ ဥပမာ ပထ၀ီ ပညာရပ်ကို အင်မတန်ကျွမ်းကျင်ယုံနဲ့ ဆယ်တန်း မအောင်သေးတဲ့ သဘောလို့ သမီး တစ်ဖြေးဖြေး သိလာမှာပါ။

ချစ်ခင်စွာဖြင့်

မဇင်သူမင်း

ဟုတ်ကဲ့ပါဦး။
ကျမ်းစာအုပ်တွေဖတ်နိုင်အောင် ပါဠိစာပေ၊ အင်္ဂလိပ်နဲ့အာရ်ဗီစာကိုကိုယ်တိုင်တတ်အောင်သင်ယူခဲ့ပြီးနှစ်ပေါင်းများစွာ လေ့လာထားတဲ့ ဦးက ကျွန်မဘာမေးမယ်ဆိုတာကို ကြိုသိမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်ဦး။
၁) အစ္စလာမ်ဝိပဿနာ၊ ဟိန္ဒူဝိပဿနာ နဲ့ ဗုဒ္ဓဘာသာဝိပဿနာ ဘာကွာခြားလဲ သိပါရစေ။
၂) ဦးရော အစ္စလာမ်ဝိပဿနာကို ကိုယ်တိုင်ကျင့်ဖူးပါသလား။
၃) အစ္စလာမ်မှာ နိဗ္ဗာန်ရှိပါသလား၊ ရှိရင် နိဗ္ဗာန်ကို ဦးဘယ်လိုနားလည်ပါသလဲ။

အချိန်ပေးပြီးရှင်းပြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဦး။
လေးစားစွာဖြင့်
မဇင်သူမင်း

ဦးဌေးလွင်ဦး

၁) အစ္စလာမ်ဝိပဿနာ၊ ဟိန္ဒူဝိပဿနာ နဲ့ ဗုဒ္ဓဘာသာဝိပဿနာ ဘာကွာခြားလဲ သိပါရစေ။
ဝိပဿနာ ဆိုတာ- စိတ်ကို လေ့ကျင့်ယူတဲ့ အလေ့အကျင့် တစ်ခုပါ။ ဥပမာ- လူ တစ်ယောက်ဟာ ကိုယ်ခံပညာ တစ်ခုကို သင်ယူလေ့ကျင့်သလိုပဲ။ လေ့ကျင့်ရည်ဝလာတဲ့အခါ သူ့ရဲ့ လေ့ကျင့်မှုနဲ့ သူ့ရဲ့ ကိုယ်ထည် အသွေးအသားဟာ တစ်သား တည်း ကျသွာပါတယ်။ ဒီလို လေ့ကျင့်သင်ယူနေဆဲကာလမှာ အဆင့်တွေ ရှိပါတယ်။ တစ်ဆင့်ချင်း တက်လှမ်းသွား ရပါတယ်။ နောက်ဆုံးဆိုတဲ့ အဆင့်ကို ရောက်ရင်- ဘာမှ မရှိတော့ပါ။-- အလားတူပဲ-- လူတွေရဲ့ စိတ်ဆိုတာ အင်မတန် ယောက်ယက်ခတ်မြန်တယ်၊ ဂဏာမငြိမ်မှုများတယ်၊ အလွန်အမင်း ပျံ့နှံ့မှုများ ရှိတယ်။- အဲ့ဒါကို လိုက်ဖမ်းထားပြီး- စိတ်ကို လက်ထိပ်ခတ်ထားတဲ့ အလေ့အကျင့်တစ်မျိုးပါ။ (နားလည်အောင် ပြောတာနော်၊) ဒီတော့- ၀ိပဿနာ ဆိုတဲ့ အရာကို ကျင့်တဲ့ သူတိုင်းက မွတ်စလင် ဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ ဖြစ်ဖြစ်- ပထမဆုံး မိမိရဲ့စိတ်ကို မိမိ ငြိမ်သွားအောင် လေ့ကျင့်ယူရတာချည်း ပါပဲ။-- များသော အားဖြင့် ၀င်လေ၊ ထွက်လေ ကို တိုင်ပင် ယူတာများပါတယ်။- အဲ့တော့ ဦး အနေ နဲ့ ၀ိပဿနာ ဆိုတာ ဘာမှ မကွာဘူး လို့ ပြောလိုတယ်။ (တစ်ချို့ကတော့ ကပ်ဖက်ခံတာ ရှိပါတယ်။- ငါတို့ ဟာပဲ ၀ိပဿနာ ဖြစ်တယ်၊ ကျန်သူများဟာက သမထကျင့်စဉ်သာ ဖြစ်တယ်- ဘာညာပေါ့။- အတော့ကို ကလေးဆန်တဲ့ လူတွေ က ပြောတာပါ။)

၂) ဦးရော အစ္စလာမ်ဝိပဿနာကို ကိုယ်တိုင်ကျင့်ဖူးပါသလား။
ဆိုပါတော့၊

၃) အစ္စလာမ်မှာ နိဗ္ဗာန်ရှိပါသလား၊ ရှိရင် နိဗ္ဗာန်ကို ဦးဘယ်လိုနားလည်ပါသလဲ။
နိဗ္ဗာန်နဲ့ ငရဲ ဆိုတာ ဘာသာတိုင်းက ပြောတဲ့ စကားပါ။ ဦးနားလည်သလောက်---၊ ဥပမာ သမီးက ခဲတံတစ်ခု၊ စာရွက် တစ်ရွက်ကို ယူပြီး စာတစ်စောင်ကို ရေးချလိုက်ပါ။- (တစ်မျက်နှာ ဆိုပါတော့) ပြီးရင် အစအဆုံး ပြန်ဖတ်လိုက်ပါ။ ပြီးရင် စဉ်းစားကြည့်ပါ--၊ ဒီစာတစ်မျက်နှာ ဘယ်က လာသလဲ။ ငါရေးချလိုက်လို့၊ ရေးချဘို့ အတွက် အကူအညီတွေ ဖြစ်တဲ့ ခဲတံ၊ စာရွက်၊ စဉ်းစားတဲ့ ဦးနှောက်၊ အချိန်၊ စာတတ်အောင် သင်ယူခဲ့ရခြင်း--၊ အများကြီး ပြန်ထွက်လာမယ်။-- အဲ့တော့ အဲ့ဒီ တစ်မျက်နှာပေါ်မှာ သမီးက နောက်ပြန်နှတ်လိုက်ပါ။ ငါသင်ယူခဲ့တဲ့ စာကို ဖယ်လိုက်၊ ခဲတံကို ဖယ်လိုက်။ စာရွက်ကို ဖယ် လိုက်၊ ရေးခြစ်ခဲ့မှုကို ဖယ်လိုက်-- ဒီလိုဒီလို ဖယ်လိုက်ရင် နောက်ဆုံး ဘာကျန်သလဲ--။ အဲ့ဒီ နောက်ဆုံးဟာ ဟိုပထမဆုံးနဲ့ အတူတူပဲ ဖြစ်နေလိမ့်မယ်။ (ပထမ ကလည်း ဘာမှ မရှိခဲ့ဘူးလို့ သတ်မှတ်ခံစားနိုင်တဲ့ ရှိခြင်းတစ်မျိုး ရှိသလို၊ နောက်ဆုံး မှာလည်း ဘာမှာ မရှိတော့ဘူးလို့ ခံစားနိုင်တဲ့ ရှိခြင်း တစ်မျိုး ရှိနေပါတယ်။) အဲ့ဒါကို လူတွေက နိဗ္ဗာန် ဆိုပြီး စကားလုံး ဖွဲ့နေတာပါ။
သမီးကို သတိဖေါ်ပေးပါရစေ---။ ပုတီးချည်း ထိုင်စိပ်နေတာ ဘာသာရေး မဟုတ်ပါ။ လူတစ်ဦးဟာ တစ်နေ့လုံး ၂၄ နာရီ မစားမသောက်၊ အိမ်သာမသွား၊ မအိပ်မနေ ပုတီးချည်း ထိုင်စိတ်နေလို့ မဖြစ်ပါ။ လူ့ကိုယ်ခန္ဓာကို ပိုင်တဲ့ လူသားဟာ ခန္ဓာကိစ္စကိုလည်း သူ့အမှုနဲ့သူ ပြုရပါတယ်။ ဥပမာ- မျက်လုံး ဆိုရင် မျက်လုံး အမှုကို ပြုရတယ်၊ နှာခေါင်းဆိုရင် နှာခေါင်း အမှုကို ပြုရတယ်။--ခြေထောက်က ခြေထောက်အမှုကို ပြုရတယ်၊ ဒီနေရာမှာ ဦး အဓိက ပြောလိုတာက ဦးနှောက် ကိစ္စပါ။ လူတွေမှာ စိတ်ကို လေ့ကျင့်ရင်း ဦးနှောက်ကိုပါ ချောင်ထိုးထားမိတာ များတယ်။
ဦးနှောက်အတွက် လေ့ကျင့်ခန်းမပါတဲ့ အရာများက ဘာသာရေး မဟုတ်ပါ။ အခု သမီးက ၀ိပဿနာချည်း ကျင့်နေမယ် ဆိုရင် အဲ့ဒီ ၀ိပဿနာမှာ သွားသတိ၊ လာသတိ၊ စားသတိ၊ နေသတိ၊ ပြောသတိ၊ ဆိုသတိ- အားလုံးမှာ သတိရှိနေစေဘို့ နောက်ထပ်ပူးတွဲ အလေ့အကျင့် လိုအပ်ပါတယ်။ နို့မဟုတ်ရင် တရားထိုင်စဉ်ခဏ စိတ်ဘ၀င်တွေက -- ပီတိမှု တစ်ခုကို ခံစားရတဲ့ အခြေအနေထိ ဆိုက်ကပ်နိုင်ပေမယ့်၊ တရားထိုင်ရာလည်း ထ ရော- ခဏကြာရင် အဲ့ဒီ ဆိုက်ကပ်မှု ဘ၀င်ဟာ အတိတ်မှာသာ ကျန်ခဲ့ပါတယ်။ မိမိအလုပ်ကို သွားရင် အလုပ်ထဲကိုပါ မလာနိုင်ပါ။ (ပြန်ပြောင်း ခံစား ပြောလို့ပဲ ရနိုင်ပါ တယ်။)
ဒါကြောင့် ၀ိပဿနာ ဆိုတာ လူ့လောကရှိ ကျင့်စဉ်ပေါင်း မြောက်များစွာထဲက တစ်ခုလေးသာ ဖြစ်ပါတယ်။ အဲ့ဒီ တစ်ခု လေးဟာ လူ့လောက အလုံးမှာ နေထိုင်တဲ့ မိမိလို လူတစ်ဦးအတွက် ဘာသာရေး မဟုတ်ဘူး ဆိုတာ သမီး ဆင်ခြင် စေလိုပါတယ်။
သာယာမှု တစ်ခုမှာ ကပ်ညိနေတာဟာ တဏှာ ဖြစ်ပါတယ်- သမီး
လေးစားလျှက်

မဇင်သူမင်း
ဟုတ်ကဲ့ပါဦး။ အခုလိုစိတ်ရှည်၊ လက်ရှည်ရှင်းပြပေးတာအထူးကျေးဇူးတင်ပါတယ်။ မရှင်းတာလေးနဲနဲ ထပ်မေးပါရစေနော် ဦး။

၁) ဦးကျင့်တဲ့ ၀ိပဿနာကို နည်းနည်းအသေးစိတ်ထပ်ပြောပြပေးနိုင်မလား ဦး။
ပထမဆုံး မိမိရဲ့စိတ်ကို မိမိ ငြိမ်သွား အောင် လေ့ကျင့်ယူရတာချည်းပါပဲ။-- များသောအားဖြင့် ၀င်လေ၊ ထွက်လေကို တိုင်ပင် ယူတာများပါတယ်။ ဆိုတဲ့အထိ တော့တူပါတယ်ဦး။ ဒါပေမယ့် အဲဒီအထိက အစပဲရှိပါသေးတယ်ဦး။ စိတ်တည်ငြိမ်သွားပြီဆို ဘာကိုဆက်ရှုသလဲ ဆိုတာ သိပါရစေ ဦး။ (ကျွန်မလည်း ဘာသာစွဲ၊ လူမျိုးစွဲ မရှိပါဘူး။ “ငါတို့ ဟာပဲ ၀ိပဿနာ ဖြစ်တယ်” လို့တယူသန်ပြောတာတော့ ကျွန်မလည်းသဘောမကျပါဘူး ဦး။  အသေးစိတ်သိမှ တူမတူဆိုတာသိနိုင်မှာဖြစ်လို့ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ် ဦး။)
နောက်တခုက ကျွန်မသိတဲ့ နိဗ္ဗာန်ကတော့ နောက်ပြန်နှတ်ပြီး မူရင်းပြန်ရောက်တာမဟုတ်ပါဘူး ဦး။ ရှေ့ဆက်မဖြစ် အောင်ရပ်တန့်ပစ်လိုက်ပြီး လွတ်မြောက်သွားတာပါ။
၂) ဘာသာရေးဆိုတာကို ဦးက ဘယ်လိုနားလည်သလဲဆိုတာ သိပါရစေ ဦး။
-ဟုတ်ကဲ့ပါဦး။ ပုတီးစိတ်ပြီး “ ဖြစ်လာမယ့်အရာတွေ ကြိုသိတာကိုမကြိုက်လို့” ဆက်မလုပ်တော့ပါဘူး ဦး။ လူ့ဘဝတိုတို လေးမှာ မမှန်တဲ့နည်းတွေနဲ့ အချိန်ကုန်ခံမယ့်အစား အမှန်တရားကိုရှာပြီး အကျိုးရှိအောင် ကြိုးစားဖို့ ကျွန်မဆုံးဖြတ် ထားပါတယ် ဦး။ ၀ိပဿနာအလုပ်တစ်ခုပဲ လုပ်နေတာ မဟုတ်ဘဲ လောကီအလုပ်တွေဖြစ်တဲ့ မိဘကိုလုပ်ကျွေးမှု၊ လင် သား ယောက္ခမနဲ့ မောင်နှမအပေါ် ကူညီစောင့်ရှောက်မှုကိုလည်း လုပ်နေပါတယ် ဦး။ တရားစခန်းမှာ တရားထိုင်သလို အသေးစိတ် လိုက်မမှတ်နိုင်ပေမယ့် အကုသိုလ်စိတ်တွေပေါ်တိုင်း ရှေ့မဆက်အောင်မှတ်ပြီး ရပ်တန့်ပစ်လိုက်ပါတယ်။

၃)
ခဏကြာရင် အဲ့ဒီ ဆိုက်ကပ်မှု ဘ၀င်ဟာ အတိတ်မှာသာ ကျန်ခဲ့ပါတယ်။ မိမိအလုပ်ကို သွားရင် အလုပ် ထဲကိုပါ မလာနိုင်ပါ။  နှင့်ပတ်သတ်ပြီး ကတော့ ဘယ်လိုလုပ်မှပါလာမလဲဆိုတာ သိပါရစေ။
လေးစားစွာဖြင့်
မဇင်သူမင်း

ဦးဌေးလွင်ဦး
၁) ဦးကျင့်တဲ့ ၀ိပဿနာကို နည်းနည်းအသေးစိတ်ထပ်ပြောပြပေးနိုင်မလား ဦး။ပထမဆုံး မိမိရဲ့စိတ်ကို မိမိ ငြိမ်သွား အောင် လေ့ကျင့်ယူရတာချည်းပါပဲ။-- များသောအားဖြင့် ၀င်လေ၊ ထွက်လေကို တိုင်ပင် ယူတာများပါတယ်။ ဆိုတဲ့အထိ တော့တူပါတယ်ဦး။ ဒါပေမယ့် အဲဒီအထိက အစပဲရှိပါသေးတယ်ဦး။ စိတ်တည်ငြိမ်သွားပြီဆို ဘာကိုဆက်ရှုသလဲ ဆိုတာ သိပါရစေ ဦး။ (ကျွန်မလည်း ဘာသာစွဲ၊ လူမျိုးစွဲ မရှိပါဘူး။ “ငါတို့ ဟာပဲ ၀ိပဿနာ ဖြစ်တယ်” လို့တယူသန်ပြောတာတော့ ကျွန်မလည်းသဘောမကျပါဘူး ဦး။  အသေးစိတ်သိမှ တူမတူဆိုတာသိနိုင်မှာဖြစ်လို့ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါတယ် ဦး။)
မူလ ခံစားသိနေတဲ့ စိတ် လုံးဝ ပျောက်သွားတာကို (ခံစားရလို့ ရှိနေခဲ့သမျှ အရာများ အားလုံး အနိစ္စ ဖြစ်သွားပါတယ်။ ဒါ ကို အစ္စလာမ်က ဖနာဗေလာဟ် လို့ခေါ်တယ်။ ဒီက တစ်ဆင့် သမီး လုံးဝ မမျှော်မှန်းထားတဲ့ နောက်စိတ်က ထွက်လာ ပါမယ်။ အဲ့ဒီ နောက်စိတ်က ရှေ့စိတ်ကို လိုက်ကြည့်တဲ့ အဆင့်ကို ရောက်လာပါမယ်-၊ ဒါဟာ ဘ၀င်စိတ် အဆင့်ပါ။ ဒီအချိန် မှာ မူလသိနေတဲ့ စိတ်က မခံစားထားတဲ့ အရာများကို မြင်ယောင်လေ့ ဖြစ်လာပါတယ်။ အဲ့ဒါဟာ အပြင်လောကမှာ တိုက်ဆိုင်တာများလည်း ဖြစ်လာပါတယ်။ ဒါကို အကြား အမြင်ရတယ်လို့ တစ်ချို့ကလည်း ခံစားပါတယ်။
အဲ့ဒီက အဆင့်တက်သွားရင်- ငါ ဆိုတာ လုံးဝ ပျောက်သွားတဲ့ အဆင့်ကို ရောက်လာပါမယ်။ ဒါကို အစ္စလာမ်က ဗကာ ဗေလာဟ် လို့ခေါ်ပါတယ်။ ဒီအဆင့်မှာ -- ငါ မရှိတော့ပါ။ သူ လည်း မရှိတော့ပါ။ နေရာ မရှိတော့ပါ။ ---- ဒီအဆင့်ကို ဗုဒ္ဓ ဝေါဟာရအားဖြင့် နိဗ္ဗာန်လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သမီး နည်းလည်ရ ရှုပ်ထွေးနိုင်ပါတယ်။ ဥပမာ- လူတစ်ဦးဟာ ငရဲကျ တယ် ဆိုပါတော့-၊ ဘာဖြစ်ဖြစ် သူ့မှာ “ငရဲ” ဆိုတဲ့ နေရာ တစ်ခု ရှိနေသေးတယ်၊ သုခဘုံ တစ်ခုခုမှာ ခံစားရတယ် ဆိုပါ တော့- သူ့မှာလည်း နေရာဆိုတာ တစ်ခု ရှိနေသေးတယ်။ အဲ့ဒါတွေ တစ်ခုမှ မဟုတ်တော့တဲ့ အဆင့်--၊ အဲ့ဒါကို ခေါ်တာပါ။ ဒါဟာ ခဏ တစ်ဖြုတ် စိတ်အာရုံ မှာ ရခဲ့နိုင်တယ်၊ ပြီးတော့ ပြန်ပျောက်သွားနိုင်တယ်၊ ဒါကို အမြဲလေ့ကျင့်ယူနေပြီ ဆိုရင် အဲ့ဒီ အသိ အဲ့ဒီ အာရုံ ဟာ လူမှာ တစ်သားတဲ့ ဖြစ်သွားတဲ့ အဆင့်ရောက်မှ သူ့စိတ်ဘ၀င်ဟာ အဲ့ဒီ အဆင့်မှာ အစဉ်ကပ်ငြိနေပါတယ်။ ဒါတွေက တစ်သီးပုဂ္ဂလ ကိစ္စရပ်များ ဖြစ်ပါတယ်။- လူတစ်ဦးရဲ့ ကျင့်ဆောင်မှုဟာ သူ့အတွက်သာ ဖြစ်ပါတယ်။ နောက်တစ်ဦးက အဲ့လို ခံစားချင်လို့ ရှေ့က လူကို ဆရာတင်ရင်လည်း- ဆရာဖြစ်သူက သူလေ့ကျင့်ခဲ့တဲ့ နည်း အားလုံးကို တစ်သွေးမတိမ်း မပြနိုင်တော့ပါ။ အခြေခံအကြမ်းဖျင်း ကျောရိုးလောက်ပဲ - ပုံစံချ ပြလို့ ရပါတယ်။ ဒါပေမယ့် နောက်လူ တစ်ထောင်မှာ ၁ ယောက်လောက်ပဲ လမ်းတည့်နိုင်ပြန်ပါတယ်။ ဒီအခါ ဓါတ်ခံပါရမီ ကြောင့်လို့ အကြောင်းပြ ချက်ကို လက်ကိုင်ထားပါတော့တယ်။--

နောက်တခုက ကျွန်မသိတဲ့ နိဗ္ဗာန်ကတော့ နောက်ပြန်နှတ်ပြီး မူရင်းပြန်ရောက်တာမဟုတ်ပါဘူး ဦး။ ရှေ့ဆက်မဖြစ် အောင်ရပ်တန့်ပစ်လိုက်ပြီး လွတ်မြောက်သွားတာပါ။
ဘာမှ မရှိတဲ့ သမီး ရှေ့မှာ ခွက်တစ်ခုကို ချလိုက်ပါ၊ ပြီးရင် သောက်ရေသန့် တစ်ဘူးကို ယူပြီး သောက်ရေဖြည့် လိုက်ပါ။ ဒီ အခြေအနေမှာ နဂိုက အတိုင်း သမီးရှေ့မှာ ဘာမှ မရှိအောင် ပြန်လုပ်ကြည့်ပါ။ (၁) ဖန်ခွက်ထဲက ရေကို ရေဘူးထဲ ပြန် ထည့်ရမယ်- (လုပ်ရပ်က အနှတ် ဖြစ်ပေမယ့် အလုပ်က ဆက်လုပ်နေရလို့ အပေါင်း ဖြစ်နေတယ်၊- ဥုံဖွ ဆိုပြီး ရေက ပျောက်သွားခြင်း မဟုတ်ပါ။) (၂) ရေမရှိတော့တဲ့ ဖန်ခွက်ကို အရင်ယူခဲ့တဲ့ နေရာ သို့မဟုတ် တစ်နေရာရာကို ပြန်လည် ပို့ ရမယ် (ရွှေ့လိုက်ရမယ်)- ဒီမှာလည်း ရှိပြီးသား ဖန်ခွက်ကို မရှိအောင် နှတ်လိုက်တာ ဖြစ်ပေမယ့်- အလုပ်က မလုပ်ရသေး တာကို လုပ်နေရလို့ အပေါင်း ဖြစ်နေပါတယ်။
လူ့ဘ၀ ဆိုတာ ရှိနေခဲ့ပြီး အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကို ဘာမှ မရှိအောင် လုပ်တဲ့အခါမှာ-  ရှိနေခဲ့ပြီး (သဘာဝက တွဲပေးလိုက်တာများကို) တစ်ခုချင်း ဘယ်လို ပြန်ထုတ်ပါယ်မလဲဆိုတာ ပညာရပ် ဖြစ်လာပါတယ်၊ လူတစ်ဦးဟာ အဆိပ် သောက် သေသွားရင် ခန္ဓာပဲ ပျောက်ကွယ် နိဂုံးချုပ်သွားနိုင်တယ်၊ သို့မဟုတ် ဓါတ်ပြောင်းပြီး တစ်ခုခု ဖြစ်သွားနိုင်တယ်၊ ခန္ဓာထဲမှာ ပါလာတဲ့ ဓါတ်အားကို သူ မချုပ်ငြိမ်းနိုင်လိုက်ဘူး ဆိုတာ သူသိဘို့ လိုပါမယ်။ (နောက် ဥပမာ တစ်ခုပေးပါမယ်။ လူ နဲ့ ၀ိညာဉ် ဟာ၊ ဓါတ်ခဲကိုယ်ထည်နဲ့ ဓါတ်အား လို တွဲနေတယ်၊ ဓါတ်ခဲကို ကုမ္မဏီက ထုတ်လုပ်စဉ် ၆ လ ခံမယ် အာမခံ ထားပေမယ့်၊ ကားနင်းလို့ ဓါတ်ခဲကွဲသွားရင် ဓါတ်အားက ဓါတ်ခဲထဲက ထွက်သွားပါတယ်။- ဒီလိုပဲ လူဟာ ခန္ဓာ ရှိတယ်၊ ၀ိညာဉ် ရှိတယ်၊ အဲ့ဒီ နှစ်ခု ပေါင်းစပ် ပြီး နောက်ထပ်ထွက်လာတဲ့ အားတစ်ခုက ဉာဏ် ဆိုတာ ဖြစ်လာတယ်။-- ဒီအဆင့် တွေကို ဖြေးဖြေးချင်းသာ သိအောင် လုပ်ပါ။

၂) ဘာသာရေးဆိုတာကို ဦးကဘယ်လိုနားလည်သလဲဆိုတာ သိပါရစေ ဦး။
အောက်မှာ သမီး ပြောနေတာတွေဟာ ဘာသာရေးရဲ့ အစိတ်အပိုင်းတွေပါပဲ။ လူတွေက ဘာသာရေး ဆိုတာ “အကိုင်းမရှိ အခက်မရှိ တစ်ပင်တိုင် သစ်ခြောက်ပင်ကြီး” လို သတ်မှတ်ပြီး one way မောင်းနေကြတယ်၊ အော် ဟစ်နေကြတယ်။-- ဒါတွေက လွဲချော်နေပါတယ်။
ဘာသာရေးမှာ လူမှုဝတ္တရားတွေ ရှိတယ်၊ ကျမ္မာရေး ၀တ္တရားတွေ ရှိတယ်၊ လုံခြုံရေး ၀တ္တရားတွေ ရှိတယ်။ ကိုယ့်ကျင့် ၀တ္တရားတွေ ရှိတယ်၊ ပညာရေး၊ ဗဟုသုတ အစစ တိုးတက်သာယာစေဘို့ ဆောင်ရွက်ရမယ့် ၀တ္တရား တွေရှိတယ်။
ဒါတွေကို တစ်ခုမှ ထည့်မပြောဘဲ-- ၀ိပဿနာကျင့်၊ တရားစခန်းဝင်၊ တရားနာကြ၊ ဘုရားဖူးကြ- ၊ ဆုတောင်းကြ ဒါတွေကို သွန်သင် ဟောပြောနေရင်-- ဘာသာရေး မဟုတ်တော့ဘဲ-၊ မျက်လုံးသဲပက်ပြီး နှဖါးကြိုးထိုးခံရတဲ့ ကျင့်စဉ်ကြီး ဖြစ်သွား လိမ့်မယ်-။ (လက်ရှိ ဖြစ်ပျက်နေတဲ့ ဘာသာတိုင်း ဆိုတာကို ပြောတာနော်)။
-ဟုတ်ကဲ့ပါဦး။ ပုတီးစိတ်ပြီး “ ဖြစ်လာမယ့်အရာတွေ ကြိုသိတာကိုမကြိုက်လို့” ဆက်မလုပ်တော့ပါဘူး ဦး။ လူ့ဘဝတိုတို လေးမှာ မမှန်တဲ့နည်းတွေနဲ့ အချိန်ကုန်ခံမယ့်အစား အမှန်တရားကိုရှာပြီး အကျိုးရှိအောင် ကြိုးစားဖို့ ကျွန်မဆုံးဖြတ် ထားပါတယ် ဦး။ ၀ိပဿနာအလုပ်တစ်ခုပဲ လုပ်နေတာ မဟုတ်ဘဲ လောကီအလုပ်တွေဖြစ်တဲ့ မိဘကိုလုပ်ကျွေးမှု၊ လင် သား ယောက္ခမနဲ့ မောင်နှမအပေါ် ကူညီစောင့်ရှောက်မှုကိုလည်း လုပ်နေပါတယ် ဦး။ တရားစခန်းမှာ တရားထိုင်သလို အသေးစိတ် လိုက်မမှတ်နိုင်ပေမယ့် အကုသိုလ်စိတ်တွေပေါ်တိုင်း ရှေ့မဆက်အောင်မှတ်ပြီး ရပ်တန့်ပစ်လိုက်ပါတယ်။
လုပ်တဲ့ အလုပ်တိုင်းမှာတော့ အသိနဲ့ လုပ်တာ အလွန်ကောင်းပါတယ်။ (သိတတ်မှုကို ပြောတာပါ၊) ဒါပေမယ့် ဥပဒေနဲ့ လည်း ချုပ်ကိုင်ဘို့ လိုပါမယ်။
မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းကို ပေးကမ်းကျွေးမွေးခြင်းကို ဘာသာတရားတိုင်းက ဟောပြော သွန်သင်ပါတယ်။ လူဆိုတာ ဘယ်အချိန် သေမယ် ပြောမရပါ။ ဒါကို အစ္စလာမ်က ဥပဒေနဲ့ ပြဌာန်းထားပါတယ်။ ဥပဒေနဲ့ ပြဌာန်း ထားတော့ သေမယ့် လူက အသေဖြောင့်တဲ့ သဘောပါ။- ဥပမာ၊ အမျိုးသား တစ်ဦး ဆိုပါတော့- သူက အမျိုးသမီး တစ်ဦးနဲ့ အိမ်ထောင်ပြုရင် အဲ့ဒီ အမျိုးသမီးအတွက် သီးသန့်ငွေ၊ ဥစ္စာ တစ်ရပ် ဖယ်ထားရပါမယ်၊ လင်ယောကျားက သောက်စား မူးရူး ဖဲရိုက်လို့ အမျိုး သမီးရဲ့ ဝေစု ကုန်သွားတယ်၊ ပဲ့သွားတယ် ဆိုတာ မရှိစေရဘူး။ (ဒါတွေကို ကာကွယ်ထားမှုကိုလည်း နောက်ကြုံရင် ရှင်းပြ ပါမယ်။)
မတော်တဆ ယောက်ျားသေသွားရင်လည်း အမျိုးသမီးမှာ သူ့ဝေစု ရှိနေတယ်။ နောက်တစ်ခုက အဲ့ဒီ ဝေစု အပြင် ကျန် သော လက်ထက်ပွားထဲက အမွေ တစ်ရပ် ရှိနေတယ်။ ဒီအမွေမှာတော့ အမျိုးသမီးက အကုန်ကို မပိုင်ပြန်ဘူး။-- သေဆုံး သူ ယောကျားဖြစ်စေ၊ မိန်းမ ဖြစ်စေ-၊ သူ့မှာ မိဘ ရှိနေသေးရင် အဲ့ဒီ မိဘကို လက်ထက်ပွားရဲ့ ၆ ပုံ ၁ ပုံ အမွေ ပေးရပါ မယ်။ (သားသမီးက မိဘကို ပြန်လည် လုပ်ကျွေးဘို့ ခွဲတမ်း ဖြစ်ပါ တယ်။) သေဆုံးသူ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ သားသမီး ကျန်နေခဲ့ရင် အဲ့ဒီ ကလေးတွေကို အမွေ ခွဲပေးရပါမယ်။ (ဒါတွေဟာ မပြုမနေရ ဥပဒေများ ဖြစ်ပါတယ်။)
ဒါကြောင့် လူတစ်ဦးဟာ ငါ- အခုတော့ မိဘ အသိုင်းအ၀ိုင်းကို လုပ်ကျွေးနေတယ်၊ သားသမီးတွေကို လုပ်ကျွေး နေတယ်၊ မတော်တဆ ငါ များသေသွားခဲ့ရင် မိဘတွေကို ဘယ်သူက လုပ်ကျွေးမလဲ၊ ငါ့ လင်၊ ငါ့မယားနဲ့ ငါ့ မိဘ တွေနဲ့ သင့်မြတ်ပါ့ မလား၊ ငါ့လင်၊ ငါ့မယားက နောက်အိမ်ထောင်ပြုသွားခဲ့ရင် ငါ့သားသမီးလေးတွေက ဘယ် လိုနေမလဲ--။ ဆိုတာမျိုး ပူပန် စရာ မလိုပါ။
လူတစ်ဦး သေဆုံးတာနဲ့ သူ့ရဲ့ လောကီး ပစ္စည်းများကို မိဘ၊ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး၊ ဒုက္ခိတ- အားလုံးကို အသိုင်းအ၀ိုင်း က ခွဲခြမ်းပေးလိုက်တယ်။ ဒါဟာ ဥပဒေ ဖြစ်လို့ ကျန်ခဲ့တဲ လင်က ဖြစ်စေ၊ မယားက ဖြစ်စေ တား မြစ်ပိုင်ခွင့် မရှိပါ။ ပြီး တော့ လင် ဖြစ်သူသည် သူ့ဘ၀ အသစ်ကို သူ ပြန်စနိုင်တယ်၊ မယား ကျန်ခဲ့ရင်လည်း မယား ဖြစ်သူသည် သူ့ဘ၀ အသစ် ကို သူပြန်စ နိုင်တယ်။
(အသိတရား ရှိသူများ အတွက် ဒီလို ဥပဒေတွေ မလိုပေမယ့်-၊ လူ့သဘော၊ လူ့လောကကြီး တစ်ခုလုံးကို ပြန်တွက်ရင် တစ်ချို့နေရာတွေမှာ သွန်သင် ဆုံးမယုံလောက်က လက်တွေ့ နားမထောင်သူတွေ များတယ် သမီး၊ လောဘ သားတွေကိုး၊ ဒါကြောင့် ဘယ်အရာမှာ မဆို ဥပဒေ လိုတာ လိုနေပါတယ်။)

၃)ခဏကြာရင် အဲ့ဒီ ဆိုက်ကပ်မှု ဘ၀င်ဟာ အတိတ်မှာသာ ကျန်ခဲ့ပါတယ်။ မိမိအလုပ်ကို သွားရင် အလုပ် ထဲကိုပါ မလာနိုင်ပါ။  နှင့်ပတ်သတ်ပြီး ကတော့ ဘယ်လိုလုပ်မှပါလာမလဲဆိုတာ သိပါရစေ။
သမီးနဲ့ ဥပဒေများ တစ်သားတည်း ဖြစ်သွားတဲ့နေ့ သမိးဘ၀မှာ ၀ိမုတ္တိ ဖြစ်သွားပါပြီ။ (ဒါဟာ ဦးရဲ့ အတွေ့အကြုံအရ တည့် တည့် ပြောလိုက်တာပါ၊)
လေးစားစွာဖြင့်
ဌေးလွင်ဦး

မဇင်သူမင်း
ကျေးဇူးတင်ပါတယ် ဦး။ ၀ိပဿနာမှာ မတူညီတဲ့ နှလုံးသွင်းမှုတွေကိုတော့ တွေ့ရပါတယ် ဦး။
၁) “ငါ ဆိုတာ လုံးဝ ပျောက်သွားတဲ့ အဆင့်ကို ရောက်လာပါမယ်။ ဒါကို အစ္စလာမ်က ဗကာဗေလာဟ် လို့ခေါ်ပါတယ်။” အဲဒီအဆင့်မှာဦး ဘယ်လို တွေ့ရှိခံစားရသလဲဆိုတာ သိပါရစေ ဦး။
- နောက်တစ်ခုက ဦးပြောတဲ့ နိဗ္ဗာန်အယူအဆဟာ “ဘာမှမရှိဖို့လုပ်ရပ်တွေကိုနောက်ပြန်လုပ်ရသလိုဖြစ်နေပါတယ်ဦး”။ ကျွန်မသိတဲ့ နိဗ္ဗာန်နဲ့ အတော်ကို ကွာခြားနေပါတယ် ဦး။
၂) ဦးက ဗုဒ္ဓဘာသာရဲ့ဘယ်အယူအဆကို မကြိုက်ဆုံးလဲဆိုတာသိပါရစေ။ ဥပမာ- သံသရာ၊ ငရဲဘုံ၊ နိဗ္ဗာန် ဆိုတာ တွေလား၊ အစ္စလာမ်လို ဥပဒေနဲ့ ပြဌာန်းမထားလို့လား။
၃) အစ္စလာမ်ဘာသာရဲ့ပန်းတိုင်ကိုသိပါရစေ။
၎) အစ္စလာမ်ဘာသာရဲ့ဘယ်လိုခိုင်လုံတဲ့သက်သေတွေက ဦးကိုသက်ဝင်ယုံကြည်စေပါသလဲ သိပါရစေ။
လေးစားစွာဖြင့်
မဇင်သူမင်း

ဦးဌေးလွင်ဦး
ကျေးဇူးတင်ပါတယ် ဦး။ ၀ိပဿနာမှာမတူညီတဲ့နှလုံးသွင်းမှုတွေကိုတော့ တွေ့ရပါတယ် ဦး။
စကားလုံးဝေါဟာရနဲ့ ပုံဖွဲ့မရနိုင်တဲ့ ရသ ကို ပမာပေး ဖေါ်ပြနေတာမှာ- တစ်ဦးနဲ့ တစ်ဦး ပမာပေးမှု မတူညီနိုင်ပါ။ လက်တွေ့ ကျင့်ဆောင်မှု ခရီးတစ်ခုထိ ရောက်မှ ဆုံလာမယ့် တူညီချက်ကို တွေ့နိုင် ပါလိမ့်မယ်။
၁) “ငါ ဆိုတာ လုံးဝ ပျောက်သွားတဲ့ အဆင့်ကို ရောက်လာပါမယ်။ဒါကို အစ္စလာမ်က ဗကာဗေလာဟ် လို့ခေါ်ပါတယ်။အဲဒီအဆင့်မှာဦး ဘယ်လို တွေ့ရှိခံစားရသလဲဆိုတာ သိပါရစေ ဦး။
ဒါဟာ စကားလုံးမဲ့ နယ် ဖြစ်နေတယ်။ ဒါကို သန္တိသုခ အစ္စလာမ်အခေါ် ဆလာမတ် လို့ခေါ်ပါတယ်။ အေးငြိမ်းပီတိရသ သဘောလို့ ပြောနိုင်ပါမယ်။- ငါ ဆိုတာ လုံးဝ ပျောက်နေတော့- စကားလုံးက ဂိတ်ဆုံး နေပါတယ်။
- နောက်တစ်ခုက ဦးပြောတဲ့ နိဗ္ဗာန်အယူအဆဟာ “ဘာမှမရှိဖို့ လုပ်ရပ်တွေကို နောက်ပြန်လုပ်ရ သလိုဖြစ်နေပါတယ်ဦး”။ ကျွန်မသိတဲ့ နိဗ္ဗာန်နဲ့အတော်ကိုကွာခြားနေပါတယ် ဦး။
သမီးဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်စုံတစ်ခု ဖြစ်စေ- ၀တ္တုတစ်ခု ဖြစ်စေ-၊ ရှိပြီး အခြေအနေ တစ်ခုပါ။ ရှိပြီး အခြေအနေတိုင်းမှာ ဘ၀ သို့မဟုတ် ဘုံ ဆိုတာ ရှိနေပါတယ်။ အဲ့ဒီ ဘုံ ဆိုတာ ချုပ်ငြိမ်းသွားတဲ့ ရသ ကို ရရှိဘို့ ရှိပြီးကို မရှိအောင် ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဦး သည်ဖြစ်စေ၊ သမီးသည် ဖြစ်စေ- အသက် ၄၀ အရွယ်ကို ပြန်နှတ် အမေ့ဗိုက်ထဲပြန်ဝင်၊ အဲ့ဒီ သန္ဓေသားကို အရေဖျော် သုတ်ရည်ဖြစ်အောင်လုပ်၊ သုတ်ရည်ကို ပြန်ဓါတ်ခွဲ စားသောက်ခဲ့တဲ့ အစားအစာများ ဖြစ်အောင် လုပ်ဆိုတဲ့ ရုပ်သဘောကို နှတ်ခိုင်းခြင်း မဟုတ်ပါ။ (သမီးကို ပေးလိုက်တဲ့ ရေတစ်စောင်ကို ပြန်နှတ်ဆိုတာ ဥပမာ ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။) လူမှာ ရှိပြီး ဘ၀သည် ဘာကြောင့်လဲ- ဘာဖြစ်လို့ ရှိလာတာလဲ- ဆိုတာ၊ ဒီအတိုင်း ဆက် ထားရင် ဘာဖြစ်လာမှာလဲ။ လောကနဲ့ အလိုက်သင့် နေလိုက်ရင်ကော ဘာဖြစ်လာမှာလဲ။ ဘာသာတရားတစ်ခုကိုမှ မလိုက်နာရင်ကော ဘာဖြစ်လာမှာလဲ-၊ ဆိုတာများကိုလည်း အတတ်နိုင်ဆုံး ခြင်ဆင်ရပါဦးမယ်။ ပြီးမှ- ဘ၀ တွေ ဘ၀ တွေ ဆိုတာ ဘာဖြစ်လို့ ဖြစ်တည်လာတာလဲ။ မဖြစ်တည်ရလေအောင် ဘယ်လို လုပ်ဆောင်ရမလဲ- ဆိုတဲ့ အဖြေကို ရှာရပါ မယ်။ ဒီမှာ ရှိပြီး ဘ၀ကို မရှိအောင် လုပ်ဆောင်နိုင်မှာ ဘုံမဲ့ ဖြစ်သွားနိုင်ပါတယ်။ ရှိပြီး ဖရောင်းတိုင် တစ်ခုကို မီးကုန်ဆုံး အောင် လောင်စေလိုက်ရင်လည်း နောက်ဆုံးမှာ ရှိပြီးဟာ မရှိခြင်းကို ဖြစ်သွားပါတယ်။ အဓိက အချက်က ဘုံ (ဘ၀ အတွက် နေရာ) ဆိုတာ မရှိတော့တဲ့ အဆင့်ပါ။
သမီးနားလည်ထားတဲ့ အယူအဆကိုလည်း ဦး ကို ရှင်းပြပါဦး-။
၂) ဦးက ဗုဒ္ဓဘာသာရဲ့ဘယ်အယူအဆကို မကြိုက်ဆုံးလဲဆိုတာသိပါရစေ။ ဥပမာ- သံသရာ၊ ငရဲဘုံ၊ နိဗ္ဗာန် ဆိုတာတွေ လား၊ အစ္စလာမ်လို ဥပဒေနဲ့ ပြဌာန်းမထားလို့လား။
တည့်တည့် ပြောရရင်- ဘယ်အရာမှ သေချာတိကျစွာ မပြောထားလို့ပါ။ ဦးက မျက်မြင် သေချာတာကို အရင် ဆင်ခြင်ပါ တယ်။ ဥပမာ လူတစ်ဦးက- ဟိုရှေ့မှာ ကြည့်လိုက်- ထမ်းပင် ရှိတယ်လို့ ပြောပါတယ်၊ သွားကြည့် တော့- ထမ်းပင်က မရှိ ဘူး၊ ဒုတိယအကြိမ်မှာ၊ ငါ သေသေချာချာ သိတယ်- ဘယ်ရွာက မောင်ဖြူရဲ့ အဖေက ဦးနီ ဖြစ်တယ် လို့ ပြောပါတယ်။ တစ်ကယ်တမ်း သူပြောတဲ့ မောင်ဖြူ အကြောင်းကို စုံစမ်းကြည့်တော့- မောင်ဖြူရဲ့ အဖေက ဦးနီ မဟုတ်ဘူး၊ မောင်ဖြူ ဆိုသူမှာ အဖေအရွယ် ဦးလေးတော်စပ်သူ (အဖေလို့ သတ်မှတ်လို့ ရလောက်အောင် တစ်ဦးဦးဟာလည်း) ဦးနီ ဆိုတာ မရှိ ဘူး-။ ဖြစ်နေတယ် ဆိုပါတော့-။ ဒီလို မျက်တွေ့နဲ့ စုံစမ်းလို့ ရတဲ့ အရာများမှာတောင် လွဲချော်နေမယ် ဆိုရင်---၊ အဲ့ဒီ လူက ပြောပါတယ် ဆိုတဲ့ မမြင်နိုင်တဲ့- ဟိုဘက်ကမ္ဘာ၊ ဟိုဘက် ဘ၀က အရာများကို ဘယ်လိုလုပ် စိတ်ချလက်ချ ယုံကြည်နိုင်မလဲ။-- ဦးက အဲ့လိုမျိုး ဆင်ခြင်ယူပါတယ်။
ပိဋကတ်တော်မှာ ကိုယ်တော်ဂေါတမက ပြောပါတယ်လို့- မှတ်တမ်းတင်ထားတာတွေဟာ- လက်ရှိအခြေအနေ အနေနဲ့ လွဲချော်နေတာတွေ၊ ရှေးတစ်မျိုး နောက်တစ်မျိုး ဖြစ်နေတာတွေ အများကြီး တွေ့နေရပါတယ်။ ဘာသာ ပြန်ဆရာများက လွဲချော်တာလားလို့ ဆင်ခြင်စရာလည်း မူရင်းစစ်စစ်က မရှိပြန်တော့- လိုက်နာယုံကြည်ဘို့ ခက်ခဲလှပါတယ်။ (ဒီအတွက် ကိုယ်တော်ဂေါတမကိုယ်လည်း အပြစ်မတင်နိုင်ပါ- သူကိုယ်တိုင်က သူ့ခေတ်မှာ သူ့ရှေ့မှောက် မှတ်တမ်းမတင်ပေးခဲ့နိုင်တဲ့ အခြေအနေပါ။)
အခုပြောနေတဲ့ ၀ိပဿနာ ဆိုတာလည်း ပိဋကတ်ကို ပြန်လေ့လာတော့ ရှင်သာရိပုတ္တရာရဲ့ သင်တန်းပို့ချမှုက များနေပါ တယ်။ (သမီးလေ့လာကြည့်စေလိုပါတယ်။ လေ့လာလိုရင် ကျမ်းညွှန်းများလည်း ပေးပါမယ်။)
လက်တွေ့စီစစ်မှုများအရ ငါးပါးသီလ ဆိုတာပင်လျှင် အတော့ကို လွဲချော်မှုများ ဖြစ်နေပါတယ်။ (ဖွင့်ဆိုတဲ့ ဆရာများရဲ့ လွဲ ချော်မှုလည်း ဖြစ်နိုင်ပါတယ်။) ဒီလို လက်တွေ့တွေမှာ လွဲချော်နေပြီ ဆိုရင်--၊ မမြင်နိုင်တဲ့ အရာများကို ဖွင့်ဆိုထားတာ များမှာ မှန်မှား ဘယ်လို တိုင်းတာ ဆင်ခြင်နိုင်မလဲ သမီး။
တစ်ခုတော့ ရှိပါတယ်။ လူတွေဟာ ကိုယ်တွေ့ကို စွဲလန်းနှစ်သက် အသည်းစွဲကြပါတယ်။ ဒီတော့ ကိုယ်တွေ့ ဆိုတာကို အရင် ဆင်ခြင်ရပါမယ်။- ကမ္ဘာမှာ လူ ဆိုတာ ငါ တစ်ယောက်တည်း မဟုတ်ဘူး၊ အခြားသော သန်းပေါင်းများစွာသော လူ သားတွေလည်း ရှိနေသေးတယ်။ သူတို့တစ်ဦးချင်းမှာကော ကိုယ်တွေ့တွေ မရှိနိုင်ဘူး လားပေါ့။ အန်ကယ် လေ့လာ ဘူးသလောက် ပြောပါမယ်။ (အန်ကယ့် ကိုယ်တွေ့ကို ဖယ်ထားပါ။)
(၁) မိတ်ဆွေ သင်္ဘောသား တစ်ဦး အန်ကယ်နဲ့ ဘန်ကောက်မှာ တွေ့တော့ သူ့ကိုယ်တွေ့ကို ပြောပြတယ်။- သူက သင်္ဘော သား၊ သူ့ရဲ့ သင်္ဘောပေါ်က အခန်းမှာ ဘုရားရုပ်ပွားလေး ထားတယ်။ သူတို့ သင်္ဘော မလေးရှားမှာ ကပ်တော့-၊ မလေးက ရဲ တွေ သင်္ဘောပေါ် တက်လာတယ်-၊ ရဲတစ်ချို့က ဒီအရုပ် ဘာလုပ်မလဲ- လွင့်ပစ်လိုက် ဘာညာပြောတယ်။ ဒီအခါမှာ သူဟာ သူယုံကြည်တဲ့ သံဗုဒ္ဓေ လေးကို ကြိတ်ပြီး အကြိမ်ကြိမ်ဖတ် ပြီး ဆုတောင်းနေမိတယ်။ မကြာမှီမှာ အဲ့ဒီ ရဲအဖွဲ့ထဲက ရာထူး အကြီးဆုံး အရာရှိ သင်္ဘောပေါ် တက်လာတယ်။ အရုပ်ကို လွင့်ပစ်လိုက် ဘာညာ ဆူပူနေတဲ့ ရဲကို အရာက- ဘာဖြစ်သလဲလို့ လှမ်းမေးလိုက်တယ်။- အဲ့ဒီ ရဲက ဒီမှာ ဘာမဟုတ်တာကို ဘုရားဆိုပြီး ပူဇော်နေလို့ လွင့်ပစ်ခိုင်းနေတာလို့ ပြောတော့--၊ အရာရှိက အဲ့ဒီ ရဲကို ဟောက်လိုက်ပြီး- ဒါမင်းကိစ္စ မဟုတ်ဘူး၊ သူ့ရဲ့ ဘာသာ သူကိုးကွယ်ပါစေ-၊ သူ့ဟာသူ ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး- မင်းတာဝန်က သဘောင်္ပါ ပစ္စည်းများကို တရားဝင် မ၀င် စစ်ဆေးဘို့ပဲ တာဝန်ရှိတာ ဆိုပြီး ဆူလိုက်တယ်။-- တဲ့။ ဒီတော့ သင်္ဘောသား ခမြာ သူယုံကြည်တဲ့ ဘုရားရုပ်ပွားလေးကို လွင့်ပစ်ရခြင်းက ကင်းလွတ်သွားသလို- စိတ်သက်သာ ရာလည်း ရသွားခဲ့တယ်။ -- ဒါဟာ သူ ရွတ်နေတဲ့ သံဗုဒ္ဓေ ဂါထာ ရဲ့ တန်ခိုးလို့ သူခံစားသွားခဲ့တယ်။
(၂) နောက်မိတ်ဆွေ တစ်ဦး-- ကရင်ပြည်နယ်သားတစ်ဦးပါ။ ကရင်ပြည်နယ်မှာ KNU အားကောင်းစဉ်က ၀မ်ခ ဆိုတဲ့ စခန်း ဟာ နာမည်ကြီးတယ်။ မသင်္ကာသူများကို ဖမ်းပြီး သတ်ပစ်တာမှာလည်း နာမည်ကြီးတယ်။ (အန်ကယ် လက်တွေ့ပါ)- အဲ့ဒီမှာ အဲ့ဒီ မိတ်ဆွေကြီးနဲ့ အပေါင်းပါ ၂ ဦးကို ကရင်တပ်က ဖမ်းထားတယ်။ နောက်နေ့ ညဘက်မှာ သူတို့ကို သတ်တော့မယ်ပေါ့။ (သူက ကရင်စကားကို ကျွမ်းကျင်စွာ တတ်တော့ အကုန် နားလည်နေတယ်။) ဒီအခြေအနေမှာ သူဟာ သူယုံကြည်တဲ့ မွတ်ဆလင်ဘာသာရဲ့ ဂါထာလေးလေးကို အကြိမ်ပေါင်းများစွာ ဖတ်နေတယ်။ တစ်နေ့လုံး ဘာမှ မစားမသောက် ဖတ်နေ တယ်။ သူတို့သုံးယောက်လုံးက အချုပ်ထဲမှာ၊ လက်နဲ့ ခြေကိုပါ ကြိုးနဲ့ ချည်ထားတယ်။ ညက တစ်ဖြေးဖြေး နေ၀င်လာတယ်။ အခါတိုင်း လူသတ်နေတဲ့ အချိန်က ည ၁၁ နာရီနဲ့ ၁၂ နာရီကြားဆိုတော့ သူတို့ကို သတ်မယ့် အချိန်က နီးသည် ထက် နီး လာနေတယ်။ ည ၇ နာရီကျော်လာပြီ- သူကလည်း ကျန်တဲ့ အသိတရားတွေ ဆင်ခြင်မှုတွေ အားလုံး ပျောက်သွားပြီ- သူရွတ် နေတဲ့ ဂါထာကိုပဲ အားကိုးအားထား သဲကြီးမဲကြီး စွဲစွဲလန်းလန်း ရွတ်နေခဲ့တယ်။ ည ၉ နာရီလောက်မှာ သူ့ကို ချည်ထားတဲ့ ကြိုးက ပြုတ်သွားခဲ့တယ်လို့ ပြောတယ်။ ဒါနဲ့ သူဟာ လက်ကြိုးပြုတ်သွားခဲ့တော့ ခြေက ကြိုးကိုပါ ဖြုတ်လိုက်တယ်။ ကျန်လူ နှစ်ယောက်ကိုလည်း ကြိုးဖြုတ်ပေးလိုက်တယ်။ အချုပ်ထဲမှာ ရှိနေသေးတယ်။ အချုပ်က အမှောင်ထဲမှာ ဆိုတော့ အပြင်က လူတွေက သူတို့ကို မမြင်တာလား အစောင့်တွေ မူးနေတာလား သူတို့လည်း မသိဘူး။ ကြိုးပြေသွားခဲ့ပြီး- အချုပ်တံခါးနားကို တိုးကပ်သွားတော့ အချုပ်တံခါးကို ခတ်ထားတဲ့ သော့က သော့တန်းလန်းကြီးနဲ့ ပွင့်နေပြန်တယ်။ သူတို့လည်း ဖြေးဖြေးလည်း အချုပ်ခန်းက ထွက် တောင်စောင်းပေါ်က လှိမ့်ချ ထွက်ပြေး လွတ်မြောက်ခဲ့တယ် ဆိုပါတော့--။ ဒီတော့ အဲ့ဒီ မိတ်ဆွေ (ဦးမောင်းဝင်း) ဆိုသူဟာ သူ့ရွတ်ဖတ်တဲ့ ဂါထာရဲ့ တန်ခိုးကို အကြီးအကျယ် ယုံကြည်သွားခဲ့တယ်။ သူ့ကိုယ်တွေ့ကိုး--။
(၃) ခရစ်ယာန် အမျိုးသမီးလေး တစ်ဦး- သူဟာ နယ်စပ်ကို ရောက်လာတယ်၊ ဒုက္ခသည် စခန်းထဲမှာ အလွန် ကြပ်တည်းမှုနဲ့ ကြုံနေရတယ်။ နောက်ဆုံး အဲ့ဒီနေ့မှာ ၀ယ်ယူစားသောက်ဘို့ ငွေကြေး မရှိတော့ဘူး- ဒါနဲ့သူဟာ တစ်ညလုံး သူ့ယုံကြည်မှုနဲ့ ဆုတောင်းတယ်။ နောက်နေ့မှာ သူ့တဲလေးဘေးက ချောင်းထဲ ရေခပ်ရင်း ဒီချောင်း ထဲက ငွေတွေ မျောလာပါစေလို့ ဆုတောင်းပြီး ရေခပ်နေတယ်။ သူ့ရေအိုးထဲကို စက္ကူလိပ်လေး တစ်ခု ၀င်လာ တယ်- နောက်ထပ် စက္ကူလေးတွေ ဆက်မျော လာတယ်- သူဟာ စက္ကူလေးတွေကို ကောက်ယူလိုက်တယ်။ ဒါတွေဟာ ငွေတွေ ဖြစ်နေပါစေလို့ ဆုတောင်းရင်းပေါ့--၊ တစ် ကယ်တော့လည်း အဲ့ဒါတွေက ငွေတွေပါ။ သူက ထိုင်းနိုင်ငံကို မရောက်ဘူးတော့ ထိုင်းငွေစက္ကူတွေကို သူက မသိခဲ့ဘူး။ သူ့တဲကို ပြန်ရောက်တော့ သူ့မောင် လေးတွေကို ပြကြည့်တော့ ငွေတွေ ဖြစ်နေတယ်။ သူသိထားတဲ့ မြန်မာငွေထက် တန်ဘိုး များစွာ များနေတယ်။- အဲ့ဒီ ကလေးမလေးဟာ အခု ဦး ဆိုင်မှာ မန်နေဂျာ လုပ်နေတယ်။ သူ့ရဲ့ ၂ နှစ်တာ ဦးနဲ့ နီးကပ်စွာ နေခဲ့တဲ့ အပေါ်မှာ ပြန်သုံးသပ်ကြည့်တာ- သူဟာ မလိမ်ညာတတ်ဘူး။ ဒီတော့ သူ့ ရဲ့ အတွေ့အကြုံကိုလည်း ဦးက မငြင်းနိုင် ဘူး ဖြစ်နေတယ်။---
ဒါတွေကို ဦး- ကတော့ အဖြေထုတ်ယူလို့ ရပါတယ်။ (ဦးရဲ့ ရှုထောင့်ကပေါ့။) သမီး ဆိုရင် ဘယ်လို သုံးသပ်မလဲ- အခု ဦးပြော ပြတာ သုံးခုက သုံးဘာသာ က အတွေ့အကြုံတွေပါ။ တစ်သီးပုဂ္ဂလ ခံစား နေသူများကတော့ ကိုယ့်ဘာသာ ကိုယ်မှန်တယ်၊ တန်ခိုးရှိတယ် ခံစားမှာပါပဲ။-
ဒါကြောင့် အတွေ့အကြုံများက မှန်တဲ့ အကြောင်းအရာဟာ ဘာသာတရား မဟုတ်ပါ။ အတွေ့အကြုံတစ်ခုစီမှာ လူတစ်ဦးဟာ ဘာကိုပဲ ရွတ်ရွတ်- (နောက်ဆုံး ကွန်မြူနစ်များလို တစ်က တစ်ဆယ်ထိပဲ ရွတ်ရွတ်- ရွတ်ချင်ရာ ရွတ်) သူ့ရဲ့ မသိစိတ်က လှုံ့ ဆော်မှု အားကြီးသွားတဲ့အခါ- သူ့ကိုယ်တိုင်မှာ စိတ်ပါဝါ အင်အား ၀င်သွားပါတယ်။ အဲ့ဒီ စိတ်ပါဝါဟာ အခြားသော လောက သဘောတရားကို ဆွဲယူပစ်နိုင်ပါတယ်။ လူတစ်ဦးချင်းရဲ့ နောက်ဆုံး ဂိတ်ဆိုတာ ကျော်လာရင် လူတစ်ဦးချင်းမှာ ပါးစပ်ကသာ လာရာ ရွတ်နေပေမယ့် မသိစိတ်မှာ သူကိုယ်တိုင်က သူ့ဘာသာ ဆိုတာကို မေ့နေတဲ့ အဆင့်ပါ။ အဲ့ဒီ အချိန်မှာ ပါးစပ်က ပြောနေတဲ့ ဘာသာပျောက်နေပါတယ်။ ဒီ အခြေအနေမျိုးကို ဘာသာတစ်ခုနဲ့ ကိုယ်စားပြုယူလို့ မရတော့ပါ။ ဒါကြောင့် အတွေ့အကြုံကြောင့် ဆိုတာ-- ဘာသာနဲ့ မဆိုင်တော့ပါ- သမီး။

၃) အစ္စလာမ်ဘာသာရဲ့ပန်းတိုင်ကိုသိပါရစေ။
အရာအားလုံးဟာ ပရမတ်ဘုရားဆီမှ စခဲ့ခြင်း ဖြစ်ပြီး ပရမတ်ဘုရားရှင်ဆီ ပေါင်းဆုံသွားဘို့ပါပဲ။ (ဆိုလိုတာက သင်္ကတနဲ့ ဖေါ်ပြလို့ မရနိုင်တဲ့ အသင်္ကတ ဓါတ် တစ်ခု ဖြစ်သွားဘို့ပါပဲ)။

၎) အစ္စလာမ်ဘာသာရဲ့ ဘယ်လိုခိုင်လုံတဲ့ သက်သေတွေက ဦးကိုသက်ဝင်ယုံကြည်စေပါသလဲ သိပါရစေ။
ဦးလေ့လာ သလောက်- ကုရ်အံက ပြောတဲ့ စကားတွေဟာ တစ်လုံးမှ- လက်တွေ့နဲ့ မကိုက်ညီတာ၊ ယုတ္တိမဲ့ နေတာ မတွေ့ ရလို့ အစ္စလာမ်ကို လက်ခံပါတယ်။ (ယုတ္တမဲ့တဲ့ စကားတစ်လုံးလောက် ပြပေးနိုင်သူ ရှိမလား လို့လဲ--၊ ဆန္ဒရှိပါတယ်။) အ ကယ်၍ တစ်စုံတစ်ယောက်က ဒီစကားလုံး ဒီသွန်သင်မှုဟာ ယုတ္တိမဲ့နေပါတယ်လို့ ထောက်ပြလိုရင် ရိုးသားစွာပဲ ဆွေးနွေး လိုပါတယ်။ အဲ့လို ဆွေးနွေးမှုမှာ ထောက်ပြလာသူဘက်က သေချာတိကျတဲ့ ရှင်းလင်းမှုနဲ့ တင်ပြနိုင်ရင် ဦးဘက်က လက်ရှိ လက်ခံထားတဲ့ အစ္စလာမ်ကိုလည်း အချိန်မရွေး စွန့်လွှတ်ဘို့ အသင့်ပါ။ တစ်ခုတော့ ရှိပါတယ်- ဆွေးနွေးမယ့်သူ ကိုယ်တိုင်မှာ ပိုမိုယုတ္တိရှိတဲ့ လမ်းစဉ်တစ် ခုခုတော့ ရှိနေရပါမယ်။ အဲ့တော့မှ သူ့ရဲ့ လမ်းစဉ်ကို ဦးက လိုက်နာနိုင်မှာပေါ့။
ဦးရဲ့ လက်တွေ့ကျင့်စဉ်တွေအားလုံးကိုလည်း-- ဦး ဥပမာ ပေးခဲ့သလို စိတ်ပါဝါ အဖြစ်ပဲ သတ်မှတ်လိုက်တော့မှာပါ။ ဘာသာတစ်ခုအဖြစ် ဆက်လက်ခံယူခြင်း မပြုတော့ပါလို့လည်း ကတိပေးနိုင်ပါတယ်။
လေးစားစွာဖြင့်
ဌေးလွင်ဦး




Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ