About Me

အစ္စလာမ်ဘာသာဝင်တို့အတွက် စဉ်းစားစရာ မေးခွန်းများအတွက် အဖြေများ


အစ္စလာမ်ဘာသာဝင်တို့အတွက် စဉ်းစားစရာ မေးခွန်းများအတွက် အဖြေများ

အစ္စလာမ်ဘာသာဝင်တို့အတွက် စဉ်းစားစရာ မေးခွန်းများ ဆိုပြီး မေးလ် ပို့လာသည့် အမေးများ အပေါ် ပြန်လည် ဖြေဆိုသည်...

မေးထားသည့်မေးခွန်းများ-
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း?

၂. အလ္လာဟ်ရှင် ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။

၃. ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မဏကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်းထားတယ် လို့ ပြောနေကြပါတယ် ။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုကလည်း (အိုဘားမားကြီးအပါအဝင်ပေါ့) ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာအပြားကြီးကို အဲသည် ဖန်ဆင်းရှင်နှစ်ပါးနှင့် အလ္လာဟ်ရှင် တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား ၊ကိုရန်ကျမ်းစာအထောက်အထားနှင့်တကွ ရှင်းပြပေးပါ ။

၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၅. အလ္လာဟ်ရှင်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?

၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည် ။ အလ္လာဟ်ရှင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?

၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုး သည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ။ ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော အလ္လာဟ်ရှင်သည် ချမ်းသာကိုပေးသလား ။ ဆင်းရဲကိုပေးသလား ဆိုတာ ဖြေကြားပေးပါ။

၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါကမည်သူကမှမလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုး ကြီးကိုပါဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? အလ္လာဟ်ရှင်၏ မေတ္တာကို ရှင်းပြပါ။

၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟုလူတိုင်းသိကြပါသည်။သင်ကိုယ်တိုင်လဲဒုက္ခရှိတာငြင်းချက်မရှိ သေချာပါ၏ ။ဒုက္ခဖြစ်စေနိုင်သည့် ဒီခန္ဓာကိုအလ္လာဟ်ရှင်ကဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ် အောင်ပြုလုပ်သူမှာ အလ္လာဟ်ရှင်ပင် ဖြစ်မနေ ဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစားပြီးဖြေကြည့်ပါ။

၁ဝ. အလ္လာဟ်ရှင်သာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်း ဒုက္ခ စီးပွါးရေး လူမူရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။

၁၁. အလ္လာဟ်ရှင်သည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘဝကို ကြမ်းတမ်းစေ သနည်း? မအိုမနာ မသေသော ဂျန္နတ်သုခဘုံသို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေသနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့် ကိုက်ညီအောင် သုံးနှုံးဖြေကြားပေးပါ။

၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းသာ ဖြစ်သည် ဟုဆိုပါက၊ သူတပါး၏ စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပေသည် ။ ဒီလိုဆိုပါက အလ္လာဟ်ရှင်၏ ဂရုဏာတော်က မည်သို့နည်း?

၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? အလ္လာဟ်ရှင်၏ တန်ခိုးတော်က မည်သို့နည်း?

၁၆. ကိုယ့်ဟာကိုရှာစားပြီး အလ္လာဟ်ရှင်ကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံခြင်းကို အလ္လာဟ်ရှင် ပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။သင် မရှာထားပါက အစားအစာရပါမည်လော။ သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား ။ ထိုသို့ (စားရခြင်း၊ ပြည့်စုံ ရခြင်း အကျိုးတရားတို့တွင် အလ္လာဟ်ရှင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင် ရာရောက် မနေဘူးလား၊ သဘာဝကျအောင်စဉ်းစားဖြေကြားပေးပါ။

၁၈. အလ္လာဟ်ရှင်သည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက် ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပံသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ။ ထိုဂြိလ်သားများကို အလ္လာဟ်ရှင်ဖန်ဆင်း ခဲ့သလား ။ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။

၁၉.သိပ္ပံစမ်းသပ်မှုတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း အလ္လာဟ်ရှင်၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေ ပါသည် ။ ထို့ ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား ။ ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ် ရှိရှိ ငြင်းချက်ထုတ်ပါ။
------------------------------------------------------
၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း?
ဒီမေးခွန်းမျိုး မေးသူဟာ အဖြေကို နားလည်ဘို့ အတွက် ပညတ်နဲ့ ပရမတ်ကို အရင် ခွဲခြားသိနိုင်အား ရှိရပါမယ်။
အလ္လာဟ် ဆိုတာက ပရမတ်ဖြစ်တယ်။ ကမ္ဘာ၊ အာကသ၊ စကြာဝဠာ၊ လူ နတ် ဗြဟ္မာ ဆိုတာတွေက ဖြစ်တည်လာပြီးမှ သတ်မှတ် နားလည်ယူတဲ့ ပညတ်များ ဖြစ်တယ်။ ပညတ်တိုင်းက တွေ့ရှိချက် တစ်ခုစီကြောင့် ခေါ်တွင်လာတဲ့ အရာများ သာ ဖြစ်တယ်။ ဥပမာ- လေထဲမှာ အောက်စီဂျင်ဓါတ်က ရှိနေခဲ့ပြီး ဖြစ်တယ်။ ဒါပေမယ့် အောက်စီဂျင်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ဆိုတဲ့ အရာများကို မတွေ့ရှိမှီကာလက လေထဲမှာ ရှိနေတဲ့ ဟိုက်ဒြိုဂျင်၊ အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဆိုတဲ့ အရာများ အတွက် အမည်နာမ ပညတ်မရှိဘူး။ အမည်ပညတ်မရှိမှီကလည်း အဲ့ဒီ အရာများဟာ ရှိနေတာပဲ။ အမည် ပညတ်ရှိပြီးရင်လည်း အဲ့ဒီအရာများက ရှိနေတာပဲ။ ရှိတယ်လို့ စကားလုံးနဲ့ပြောနိုင်သည် ဖြစ်စေ၊ ရှိတယ်လို့ စကားလုံးနဲ့ မပြောနိုင်သည် ဖြစ်စေ- “ရှိကို ရှိနေတဲ့ သဘောတရားက” ပရမတ်ဖြစ်တယ်။ ဒါကို ဉာဏ်စဉ်ဆောင်တွေက “ပရမတ်ဘုရား၊ (ဉာဏ်မြင့်မှ သိနိုင်လို့) ဉာဏ်ဘုရား၊ အလ္လာဟ်”လို့ အခြားသူများ အတွက် အမည်နာမ ပညတ်ပေးခြင်း ဖြစ်တယ်။

ဒီနေရာမှာ အောက်စီဂျင်ဟာ လေထဲမှာ ရှိတယ်- လို့ ပြောလို့၊ လေရှိမှ အောက်စီဂျင်ရှိရမယ်လို့ သတ်မှတ်လို့ မရဘူး။ အလားတူ ပဲ ကောင်းကင်နဲ့ ကမ္ဘာမြေ ဆိုတဲ့ ဖြစ်တည်မှု ပညတ်ရှိမှ ပရမတ်ဖြစ်တဲ့ အလ္လာဟ်က ရှိရမယ်လို့ ပြောဆိုလို့ မရဘူး။- ဒါကြောင့် အလ္လာဟ်ကို တစ်ကယ် စိတ်စေတနာ ဖြူစင်စွာနဲ့သိလိုရင် ပညတ်၊ ပရမတ်ကို အရင်အဦး ခွဲမြင်အောင် လေ့လာပါ။
ဒီမေးခွန်းကိုမေးသူဟာ ကောင်းကင်နဲ့ မြေကြီး မဖြစ်လာမှီ ဓမ္မ ဘယ်မှာ ရှိခဲ့သလဲ၊ နိဗ္ဗာန် ဘယ်မှာ ရှိခဲ့သလဲ ဖြေပေးဘို့ တောင်းဆိုပါ တယ်။

၂. အလ္လာဟ်ရှင်ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။
အတ္တုပ္ပတ္တိ ဆိုတာ ကိုယ်ရေးရာဇ၀င် သမိုင်းကို ခေါ်ဆိုတယ်။ ကိုယ်ရေးရာဇ၀င် သမိုင်းဆိုတာ ပညတ်ကိုယ်ထည် ရှိမှ ဖြစ်တည်လာခဲ့တာ ပါ။ ဥပမာ- ဒီ ဘီလူးရုပ်က ဘယ်လို ဖြစ်လာသလဲ ဆိုတာမျိုးပေါ့။ ဒီလို မေးရင် ဘယ်ကာလက၊ ဘယ်လို ပန်းပုဆရာက၊ ဘယ်သစ်သား အမျိုးအစားနဲ့ ဘာကြောင့်၊ ဘာ့အတွက် ဘာရည်ရွယ်ချက်နဲ့ ထုဆစ်တာလို့ ပြောနိုင်လိမ့်မယ်။ အလားတူပဲ လူခန္ဓာကိုယ် ဖြစ်တည်လာတဲ့ လူတစ်ဦး ဥပမာ၊ ရှင်ဂေါတမ၊ ယေရှုခရစ်နဲ့ ကိုယ်တော် မုဟမ္မဒ်တို့ လူသားများ ဆိုရင် ဘယ်မျိုးရိုး၊ ဘယ်မိဘ၊ ဘယ်ကာလက၊ ဘယ်လို မွေးခဲ့တယ်၊ ဘယ်လိုကျင့်ခဲ့တယ်၊ ဘယ်လို အနစ်နာခံခဲ့တယ်၊ ဘယ်လို ပရိနိဗ္ဗာန်ပြုခဲ့တယ်-လို့ ဖေါ်ပြနိုင်လိမ့်မယ်။ ဒီလို ဖေါ်ပြနိုင်ခြင်းက ပညတ်ကိုယ် ထည်ရှိနေလို့သာ ဖြစ်တယ်။
ပရမတ် ဆိုတာ ကိုယ်ထည်မရှိပါ။ ကိုယ်ထည်ပညတ်ကိုလည်း ကိုယ်စားမပြုပါ။ ပရမတ်စစ်စစ်မှာ မိဘ၊ စတင်ဖြစ်တည် စေတဲ့အရာ ဓါတ်ခံ၊ အိုနာခြင်း၊ သေဆုံးခြင်းများ မရှိပါ။ သေချာပေါက် နားလည်လိုရင် ပဋိသမ္ဘိဒါမဂ်မှာ ဖေါ်ပြတဲ့ “သော ဘဂ၀ါ သယမ္ဘူတိ- အကြင်မြတ်စွာ ဘုရားသည် အလိုလို ဖြစ်တော်မူ၏” ဆိုတဲ့ စကားလုံးကို သက်ဆိုင်ရာ ပညတ်တတ် ဘုန်းကြီးတစ်ပါးပါး ဆီမှာ မေးကြည့် ပါ။
ဒီမေးခွန်းကို မေးသူ အနေနဲ့ ဓမ္မရဲ့ အတ္ထုပ္ပတ္တိ၊ နိဗ္ဗာန်ရဲ့ အတ္တုပတ္တိကို ဖေါ်ပြပေးဘို့ တောင်းဆိုပါတယ်။ သူများကို မေးရင် ကိုယ့်ဘက်ကို လည်း ဖြေပေးရမယ် ဆိုတဲ့ ၀တ္တရားကို မမေ့စေလိုပါ။

၃. ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မဏကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်း ထားတယ် လို့ ပြောနေကြပါတယ်။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုကလည်း (အိုဘားမားကြီး အပါအဝင်ပေါ့)  ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာအပြားကြီးကို အဲသည် ဖန်ဆင်းရှင် နှစ်ပါးနှင့် အလ္လာဟ်ရှင် တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား၊ ကိုရန် ကျမ်းစာ အထောက်အထားနှင့်တကွ ရှင်းပြပေးပါ။
အလ္လာဟ် ဆိုတဲ့ ဝေါဟာရက အရှေ့အလည်ပိုင်းဒေသသားများ နားလည်မှု လွယ်ကူအောင် ပြောဆိုတဲ့ သက်ဆိုင်ရာ ဉာဏ်စဉ်ဆောင် တို့က ပညတ်ပေးတဲ့ ဂုဏ်နာမ ဖြစ်ပါတယ်။ ပရမတ်ဘုရားလို့ အနက်ကို ပေးတယ်။ အရှေ့အလယ် ပိုင်းမှာ ပွင့်ပေါ်တဲ့ ဉာဏ်စဉ်ဆောင် တိုင်းက အဲ့ဒီ ဂုဏ်တော်နဲ့ ခေါ်ဆိုရင့်ကျူးကြတယ်။ (ဂျူးများက အီလိုဟင်မ် လို့ခေါ်တယ်။ ခရစ်တော်က ဧလိ လို့ခေါ်တယ်။

အာရ်ရဗ်များက အလ္လာဟ်လို့ခေါ်တယ်။ ထားဝယ်၊ ရခိုင်၊ မြန်မာတို့လို ဒေသလိုက် အသံကွဲများသာ ဖြစ်တယ်။) ဘာသာတရားများက နယ်မြေဒေသတစ်လျှောက် ကျယ်ပြန့်လာတော့ လူတွေက သက် ဆိုင်ရာ ဘာသာစကားများနဲ့ ဘာသာပြန်ဆိုကြတယ်။ အရှေ့အလယ် ပိုင်းရဲ့ အနောက်ဘက်မှ (ဥရောပသားများက) God လို့ ပြန်ဆိုတယ်။ အရှေ့အလယ်ပိုင်းရဲ့ အရှေ့ပိုင်း အန္ဒိယဘက်ကလူသားများက ဗြဟ္မာ လို့ ပြန်ဆိုတယ်။သူ့စကားနဲ့ သူ နီးစပ်အောင် ပြန်ဆိုစေခြင်းဖြစ်တယ်။ ဒီလို ပြန်ဆိုမှုအတွက် ကုရ်အံကျမ်းတော်က ခွင့်ပြုထားတယ်။ ၁၇း ၁၁၀ မှာ ကြည့်ပါ။ သပ္ပါယ်သော မည်သည့်ဂုဏ်နာမဖြင့် မဆို ခေါ်ဆိုနိုင်ကြောင်း တွေ့ရလိမ့်မယ်။

ဒီနေရာမှာ ဗြဟ္မာ ဆိုတဲ့ စကားလုံးက အစ္စလာမ် သာသနာမပေါ်မှီကတည်းက ရှိနေခဲ့တယ်လို့ စောဒက တက်နိုင်တယ်။ အပေါ် ရှင်းပြ ချက်ကို သေချာဖတ်ပါ။ အရှေ့အလယ်ပိုင်း ဒေသတွင် ပေါ်ထွန်းခဲ့သော ဘာသာများအားလုံးလို့ သုံးထားပါတယ်။ သမိုင်းကို သေချာပြန် လိုက်ရင် အိန္ဒိယမှာ ရှိတဲ့ ဘာသာတရားများက ရှေးအီဂျစ်အယူများက ဆင်းသက်လာများ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာသာပြန် စကားလုံးတွေက ကာလကြာလာတဲ့အခါ သီးခြားနားလည်မှု အဓိပ္ပါယ်ကို ဆောင်လာပါတယ်။ ဥပမာ အိန္ဒိယ ဘာသာရေးတစ်လျှောက်မှာ “ဘဂ၀” ဆိုတာ ဖန်ဆင်းရှင်ကို ရင့်ကျူးတဲ့ နာမဖြစ်တယ်။ လူထဲက ဘုရား အဆင့်ရောက်တယ်လို့ သူတို့သတ်မှတ်တဲ့ လူများကိုလည်း ဘဂ၀ နဲ့ တစ်လုံးတစ်ဝတည်း ဖြစ်သွားလို့ “ဘဂ၀” လို့ပဲ ခေါ်ကြတယ်။ ဘယ်လိုဖြစ်ဖြစ် ဘဂ၀ လို့ ခေါ်ဆိုတိုင်း ဖန်ဆင်းရှင် ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ကို အိန္ဒိယသားတိုင်း နားလည် နေတယ်။ နားလည်နေဆဲ ဖြစ်တယ်။ လက်ရှိလည်း သုံးနှုံးပြောဆိုနေတယ်။ ဒါပေမယ့် မြန်မာတွေက ဘဂ၀ ကို “မြတ်စွာ ဘုရား”လို့ ဘာသာပြန်လိုက်တယ်။ ရှင်ဂေါတမ ကိုယ်တိုင်ကလည်း သူဟာ တစ်ခြားသော သူ့ရှေ့မှ ပြောခဲ့တဲ့ ဘဂ၀ အဆင့်ရှိ လူသားများကဲ့သို့ အဆင့်ရောက်သွားပြီ ဖြစ်ကြောင်း ရင့်ကျူးခဲ့တယ်။ ဒါကြောင့် သူ့ကိုယ်သူ ဘဂ၀ လို့ ပြောဆိုခဲ့ တယ်။ တစ်နည်းအားဖြင့် သူဟာ ပရမတ်နဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ ပြောဆိုခြင်း ဖြစ်တယ်။ ဒီစကားလုံးကိုယ်တိုင် က သူဟာ ဖန်ဆင်းရှင် ဘဂ၀ ကို လက်ခံကြောင်း ၀န်ခံခြင်း ဖြစ်တယ်။ သူသာ ဘဂ၀ ဆိုတဲ့ စကားလုံးကို လက်မခံခဲ့ရင် သူ့ကိုယ်သူလည်း ဘဂ၀ လို့ ပြောခဲ့မှာ မဟုတ်ပါ။ သူ့ပါးစပ်ကလည်း ဘဂ၀ ဆိုတာကို အတည်ပြု ပြောခဲ့မှာ မဟုတ်ပါ။ ဥပမာ “ဘုရင်” စနစ်ကို လက်မခံတော့တဲ့ တိုင်းပြည်ခေါင်းအချုပ်အခေါင် တစ်ဦးက သူ့ကိုယ်သူ “ဘုရင်” လို့ ပြောတော့မှာ မဟုတ်ပါ။ သူ့ကိုယ်သူ “သမ္မတ” “အဓိပတိ” “၀န်ကြီးချုပ်” စသည်ဖြင့် ပြောတော့မှာ ဖြစ်တယ်။ သဗ္ဗညုဉာဏ်ရတဲ့ ၀န်ခံတဲ့ ပုဂ္ဂိုလ်တစ်ပါးက ဒီလောက် စကားလုံး ရွေးချယ်မှု ညံ့မှာ မဟုတ်ဘူးလေ။

ဒါပေမယ့် ဘဂ၀ ကို မြန်မာတွေက “မြတ်စွာဘုရား” ဆိုပြီး ဘာသာပြန်လိုက်တယ်။ ကာလကြာလာတော့ “ဘဂ၀” ရဲ့ ပကတိ အနက်သဘော ပျက်ပျယ်သွားပြီး- ရှင်ဂေါတမသည်သာ “ဘဂ၀” ဖြစ်တယ်။ တစ်ကယ့် ဖန်ဆင်းရှင် “ဘဂ၀” မရှိဘူးလို့ ပြင်းပြင်းထန်ထန် ခံငြင်းတဲ့ အဆင့်ထိ ရောက်လာတယ်။ ပိဋကတ်ကို ကျေညက်အောင် မဖတ်ဘူးဘဲ- ဖန်ဆင်းရှင်မုန်း ကွန်မြူနစ် ဓမ္မစရိယများရဲ့ အာဘော်ကိုသာ လိုက်မိနေတဲ့ လူများက ပိုဆိုးတော့တာပေါ့။
အလားတူပဲ အီလိုဟင်မ်၊ ဧလိ၊ အလ္လာဟ်ဆိုတဲ့ ဖန်ဆင်းရှင်ကိုယ်စားပြု စကားလုံးများကို သက်ဆိုင်ရာ ဘာသာစကား တွေနဲ့ ဘာသာပြန် လိုက်ရာက နောက်ပိုင်းမှာ “ဖန်ဆင်းရှင်” ဆိုတဲ့ အဓိပ္ပါယ်တော့ တူတယ်-၊ ဒါပေမယ့် ခံစားချက်မတူညီ တဲ့ သဘောတရားတွေ ဖြစ်လာပါ တယ်။

ဘယ်လို ဘာသာပြန်ပြန် “ဖန်ဆင်းရှင်” ဆိုတဲ့ သဘောတရားကို ကိုယ်စားပြုရင်- အားလုံးက တစ်ဆူတည်းကို ဘာသာပြန်ယူတဲ့ စကား လုံးသာ ဖြစ်တယ်။ book ကို မြန်မာက စာအုပ်ပြောတယ်၊ အရ်ဗီက ကီတာ့ဗ် လို့ပြောတယ်။ စကားလုံးကွဲလို့ အဓိပ္ပါယ်ကွဲသွာခြင်း မဟုတ် ပါ။ တစ်ဆူတည်း ဖြစ်လို့ ဖန်ဆင်းခံအားလုံးရဲ့ ဇစ်မြစ်ဖန်ဆင်းရှင်ဟာ အတူတူပဲ ဖြစ်ပါတယ်။
ဒီမေးခွန်းကို မေးသူ အနေနဲ့ “သော ဘဂ၀ါ သယမ္ဘူတိ” အကြင်မြတ်စွာ ဘုရားသည် အလိုလို ဖြစ်တော်မူ၏ ဆိုတဲ့ ၀ါကျ ထဲက “ဘဂ၀” ဆိုတဲ့ အဓိပ္ပါယ် ရင်းမြစ်၊ ဘယ်လိုခံစားမှုကြောင့် ဖြစ်လာတဲ့ ဝေါဟာရ ဖြစ်တယ် ဆိုတာ မူရင်း ဟင်ဒီကျမ်း စာများကို ကိုးကား ပြီး ဖြေပေးဘို့ တောင်းဆိုပါတယ်။

၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
ပညတ်မှာ ကွဲပြားနေခြင်းသာ ဖြစ်တယ်။ ဒါဟာ ပညတ်ရလွယ်ကူအောင် နိယာမပြဌာန်းပေးထားခြင်းသာ ဖြစ်တယ်။ ပရမတ်မှာ အတူတူပါပဲ။ (ဘာသာတရားကို အနက်ထိ လေ့လာလိုက်ပါ။)
ဒီမေးခွန်းကို မေးသူအနေနဲ့ လူတွေ တစ်ဦးနဲ့ တစ်ဦး မတူညီရတာ ဘာကြောင့် ဖြစ်တယ် ဆိုတာ ဗုဒ္ဓဘာသာ (ပိဋကတ်) အရ ဖြေပေးဘို့ တောင်းဆိုပါတယ်။ ဖြေဆိုရာမှာ “အရာရာသည် ရှေးဘ၀ကံကြောင့်ချည်း မဟုတ်၊” ဆိုတဲ့ အင်္ဂုတ္ထိုရ်လာ ရှင်ဂေါတမရဲ့ စကားကို မမေ့ဘို့လည်း သတိပေးလိုပါတယ်။

၅. အလ္လာဟ်ရှင်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
ကမ္ဘာမှာ လူတွေကို ကိုယ်စားဘုရားဖြစ်စေဘို့ ဖြစ်တယ်။ တနည်းအားဖြင့် လူတွေကို လူ ပီသလာစေဘို့ ဖြစ်တယ်။ နောက်ဆုံးပန်းတိုင်က လာခဲ့ရာ ဇစ်မြစ်ဆီသို့ တစ်လုံးတစ်ဝတည်း ပြန်လည်ဖြစ်စေဘို့ ဖြစ်ပါတယ်။
ဉာဏ်စဉ်ဆောင်များရဲ့ နောက်လိုက်များကို အဲ့ဒီ ဉာဏ်စဉ်ဆောင်ရဲ့ အွမ္မတ် (နောက်လိုက်များ) လို့ ခေါ်ပါတယ်။ အစ္စလာမ်ရော အစ္စလာမ် မဟုတ်သူရော- လူသားအားလုံးကို ကုရ်အာန်ကျမ်းတော်မှာ အို- လူသားများလို့ ခေါ်ဆိုပြီး ပြောပါတယ်-။ မူဆလင်များကို ပြောရင်- အို ယုံကြည်သူများလို့ ပြောပါတယ်။ အိုယုံကြည်သူများလို့ ပြောတိုင်းမှာ သီလပညတ်တွေကို ချမှတ်ပေးပါတယ်။ အိုလူသားများလို့ ပြော တိုင်းမှာ လူသားကျင့်ဝတ်တွေကို ပြောဆိုပါတယ်။ ဘယ်ဉာဏ်စဉ်ဆောင်ကိုမှ မှားတယ်လို့ ကုရ်အာန်က မပြောဘူး။ တပည့်နောက်လိုက် များရဲ့ အချင်းချင်း မနာလိုဝန်တိုမှုကြောင့် ဂိုဏ်းတွေကွဲခဲ့ရတယ်။ မင်းတို့ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာတော့ရှိတယ်။ တပည့်နောက် လိုက်များရဲ့ တရားတော်အပေါ်မှာ ဖေါက်ပြားမှုကြောင့် ဉာဏ်စဉ် ဆောင်ဟောပြောခဲ့ရာ မူလဓမ္မမှ လွဲချော်သွားခဲ့ရတာ ရှိတယ်။ မင်းတို့တွေ အဲ့လို မဖြစ်စေနဲ့လို့ ဆုံးမတာ ရှိတယ်။ ဉာဏ်စဉ်ဆောင်တိုင်းဟာ သူ့ခေတ် သူ့ကာလမှာ မိရိုးဖလာ အမှောင်ထုကြီးကို အခက်အခဲမျိုးစုံ- ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ပြီး အမှန်တရားအတွက် ရပ်တည်ခဲ့ရတယ်။ မင်းတို့လည်း အဲ့သလို ရပ်တည်ကြလို့ ဆုံးမတယ်။ အဲ့ဒီ ဉာဏ်စဉ်ဆောင်တိုင်းမှာ အသက်ပေးရပ်တည်တဲ့ လက်ရင်းသာဝက တပည့်တော်ကြီးများ ရှိတယ်။ အဲ့ဒီ သာဝကကြီးများ ဟာ လူသားတွေအတွက် သက်သေခံ- စံနမူနာပြုထိုက်သူတွေ ဖြစ်တယ်လို့ ကုရ်အာန်က သွန်သင်တယ်။

လူသားတွေကြားမှာ ဘုရားတစ်ဆူဝါဒကို ထူထောင်ဘို့- လူလူချင်း ညီရင်းအစ်ကိုလိုနေဘို့၊ အယူမတူတိုင်း ရန်သူလို့ မသတ်မှတ်ဘို့၊ လူတစ်ချို့က လူသားတွေရဲ့ ငြိမ်းချမ်းရေးကို စော်ကားလာရင်တော်လှန်ဘို့- ဂျူးဘုရားကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းတော် ကြီးကျောင်း၊ ဗလီ စတဲ့ ဘုရား တရား သတိရရာ နေရာများကို စော်ကားရန်ရှာလာသူတိုင်းကို တော်လှန်ဘို့- ကုရ်အာန်ကျမ်းတော်က သွန်သင်ပါတယ်။

ကျန်တဲ့- လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ဥပဒေ တွေကတော့ အများကြီးပေါ့ဗျာ။ ဒီမှာလည်း မူဆလင်ဟုတ်သူနဲ့ မဟုတ်သူ ဆိုပြီး ဥပဒေက တစ်ဘက်စောင်းနင်း မရှိဘူး။ လေ့လာကြည့်ပေါ့ဗျာ။

အခုနောက်ပိုင်း အစ္စလာမ်မဟုတ်သူတွေက ကုရ်အာန်ကို ဖြတ်ညှပ်ကပ်လုပ်ပြီး အစ္စလာမ် မုန်းတီးရေး မှိုင်းသွင်းလာတာတွေ   တွေ့ရပါတယ်... အဲ့လိုမျိုးတွေဖတ်မိသိမိရင်လည်း အမြဲတမ်း ပြန်လည်မေးမြန်းနိုင်ပါတယ်...

အခုလို မေးမြန်းလာသူ မိတ်ဆွေကို ကျနော်ဖြေရင်းနဲ့ တင်ပြခဲ့တဲ့ ကုရ်အာန် အပိုဒ်တွေကို ကြည့်ရင် လူတွေပြောသလို မတရားမှု တွေ မပါဘူးဆိုတာ အနည်းငယ်တော့ သတိထားမိမှာပါ...
ဒီမေးခွန်းကို မေးသူအနေနဲ့ ဗုဒ္ဓဘာသာအရ လူတွေဟာ ဘာကြောင့် ဖြစ်လာရသလဲ ဆိုတာကို ဖြေပေးစေလိုတယ်။ ဖြေဆိုတဲ့အခါမှာ အင်္ဂုတ္ထိုရ်နီကယ်လာ ရှင်ဂေါတမ ပြောတဲ့ “အရာရာသည် အကြောင်းဇစ်မြစ် မရှိဘဲ ဖြစ်လာခြင်း မဟုတ် ဆိုတဲ့ အချက်ကို လည်း မမေ့စေလိုပါ။”  

၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး ကြုံတွေ့နေရပါသည်။
ချမ်းသာ ဆင်းရဲကို ဘာနဲ့ ခွဲခြားပါသလဲ။ လူပီသ သွားရင် ချမ်းသာ ဆင်းရဲ ဆိုတဲ့ မာယာတွေက ကင်းလွတ်သွားပါတယ်။ ခန္ဓာရှိတိုင်း ဆင်းရဲ ရှိတယ် ဆိုရင် ကျောက်ခဲမှာကော ဆင်းရဲ ရှိပါသလား။ (မြေကြီးတို့ ကျောက်ခဲတို့မှာ အသက်မရှိဘူး မပြောနဲ့နော်- ပါရာဇိကံကို သေချာအောင် ဖတ်ကြည့်လိုက်ဦး၊) 
ဒီမေးခွန်းကို မေးသူ အနေနဲ့ ဗုဒ္ဓဘာသာအရ လူမှန်ရင် လွတ်မြောက်ခြင်း ၀ိမုတ္တိ ရှိ- မရှိ ဖြေပေးစေလိုတယ်။

အလ္လာဟ်ရှင် ဖြစ်စေလိုသည့် ချမ်းသာ မဖြစ်သည်မှာ အနန္တတန်ခိုးတော် မရှိလို့ ဘာ အစွမ်းအစမှ မရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည် ဖြေရှင်းနိုင်ပါသနည်း?
လူတိုင်းကို ဘုရားဖြစ်ပိုင်ခွင့် နိယာမပြဌာန်းပြီး ဖြစ်တယ်။ လူတိုင်းက ဘုရား မဖြစ်တာဟာ လူတွေရဲ့ ရေသာခိုမှု၊ မသိမှု အ၀ိဇ္ဇာကြောင့် သာ ဖြစ်တယ်။ လူသားကို တိရိစ္ဆာတစ်ကောင်လို ဘာအတွေးအခေါ်မှ မရှိစေဘဲ- ဖြစ်တည်မပေးထားခြင်း ကိုယ်တိုင်က အလ္လာဟ်ဟာ ကရုဏာရှင် ဖြစ်ကြောင်း သက်သေဖြစ်ပါတယ်။ တိရိစ္ဆာန်တစ်ကောင် ဘ၀ ဆိုရင်- လှေပေါ်မှာ တင်သွားတဲ့ နွားတစ်ကောင်လိုပဲ။ ရေ လည်း ကူးစရာမလို၊ လမ်းလည်း လျှောက်စရာ မလိုဘဲ ဟိုဘက်ကမ်းကို အလိုလို ရောက်သွားလိမ့်မယ်။ လူကိုတွေကိုလည်း မွေးလာစေ၊ ကြီးလာစေ၊ မေထုံမှီဝဲစေ၊ စားစေ၊ အိပ်စေ၊ အသက်ရင့် လာစေ၊ သေသွားစေ ဆိုတဲ့ ဘာမှ မတွေးတဲ့ အလိုက်သင့် လောကကြီးထဲ မှာ ဖြစ်တည်ထားပေးမှ-၊ အဲ့ဒါကို ကရဏာမဲ့ တယ်၊ ပြဌာန်းရှင်က တန်ခိုးမဲ့တယ်လို့ ပြောနိုင်မှာပါ။
ဒီမေးခွန်းကို မေးသူအနေနဲ့ “ကြိုးစားရင် ဘုရားတောင် ဖြစ်တယ်” လို့ ပြောနေတဲ့ ဗုဒ္ဓဘာသာမှာ ရှင်ဂေါတမ နောက်ပိုင်း ဒီကမ္ဘာ မှာ နောက်ထပ် လူဘုရား ပွင့်ပေါ်တယ် ဆိုတာ လက်မခံပြန်ဘူး၊ (ပွင့်ပေါ်သမျှ ဘုရားတွေကို မဖြစ်နိုင်တဲ့ ယုတ္တိမဲ့ တဲ့ ခုနှစ်တွေ၊ သက်တမ်းတွေ၊ ဒဏ္ဍာရီထဲကို ပို့ပို့ပစ်လိုက်တာက) ဘာကြောင့်လဲ ဖြေပေးပါ။

၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးသည် သေချာလေ့လာကြည့်ပါက ခန္ဓာရှိသူတိုင်း ဒုက္ခ မကင်းကြောင်း သေချာပါသည်။ ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော အလ္လာဟ်ရှင်သည် ချမ်းသာကို ပေးသလား ။ ဆင်းရဲကို ပေးသလား ဆိုတာ ဖြေကြားပေးပါ။
ချမ်းသာ၊ ဆင်းရဲကို ဘယ်လို ခွဲခြားသလဲ၊ ကျောက်ခဲမှာကော ဒုက္ခ ရှိသလား အပေါ်မှာ မေး၊ ဖြေ ထားပြီး ဖြစ်ပါတယ်။

၈. လူသားတို့ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါကမည်သူကမှ မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်းဒုက္ခ ဆိုးကြီးကိုပါ ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း? အလ္လာဟ်ရှင်၏ မေတ္တာကို ရှင်းပြပါ။
အိုခြင်း နာခြင်း သေခြင်း ဆိုတာ ရွှေ့လျှော်ဖြစ်စဉ် ပညတ်မျှသာ ဖြစ်တယ်။ ဘယ်ဘာသာမှာမှ သေခြင်းဆိုတာ မရှိဘူး ဆိုတာလောက်ကို မသိသေးဘဲ ဘာဖြစ်လို့ ဘာသာရေးကို ဆွေးနွေးလိုတာလဲ။ ဘယ်ဘာသာမှာမှ သေတယ် ဆိုတာကို မပြောပါ။ နောင်ဘ၀ ဆိုတာကို ပဲ ပြောပါတယ်။ နောင်ဘ၀ ဆိုတာလည်း ရွှေ့လျှောဖြစ်စဉ်ထဲက ပညတ်မျှသာ ဖြစ်သေး တယ်။
မေးခွန်းမေးသူကို ပြန်မေးပါမယ်။ ဗုဒ္ဓဘာသာမှာ အို နာ သေ- ဆိုပြီး သေခြင်း ရှိတယ် ဆိုတာ ပြောနေပြီး နောက် တစ်ဘက်မှာ နတ်ပြည်၊ နိဗ္ဗာန်၊ ငရဲတို့ကို ဘာလို့ ပြောနေတာလဲ။ တစ်ကယ်သေသွားခဲ့ရင် နတ်ပြည်မှာ စံ စရာ၊ ငရဲမှာ ခံစရာ၊ နိဗ္ဗာန် (၀ိမုတ္တိ ဖြစ်စရာ) ဘာလို့ လိုနေသေးတာလဲ။ ဖြေပေးပါ။

၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်း သိကြပါသည်။ သင်ကိုယ်တိုင်လဲဒုက္ခရှိတာငြင်းချက်မရှိ သေချာပါ၏။ ဒုက္ခဖြစ် စေနိုင်သည့် ဒီခန္ဓာကို အလ္လာဟ်ရှင်ကဖန်ဆင်းပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ  အလ္လာဟ်ရှင်ပင်ဖြစ်မနေ ဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစားပြီး ဖြေကြည့်ပါ။
မေးခွန်းတွေ ထပ်နေပါတယ်။ မေးခွန်းများကို စဉ်းစားပြီး မေးမြန်းဆွေးနွေးစေလိုတယ်။ စကားစပ်လို့ “ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်း သိကြပါသည်။” လို့ ပြောထားပါတယ်။ လူတိုင်း ဆိုတာက ကမ္ဘာရှိ လူအားလုံးကို ပြောနေပါသလား။ ဒီလိုပြောရင် မှားပါလိမ့် မယ်။ မြန်မာပြည်က လူသားတွေရဲ့ ခံစားချက်နဲ့ ကမ္ဘာ့လူသားတွေရဲ့ ခံစားချက် မတူညီပါ။ ဒါကြောင့် မေးခွန်း မေးတိုင်းမှာ ချင့်ချိန်မေးမြန်းဆွေးနွေးသင့်ပါတယ်။
မေးခွန်းမေးသူ အနေနဲ့ ကျေးဇူးရှင် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုး၊ ဘယ်လို အဆင့်၊ ဘယ်လို မေတ္တာ၊ ဘယ်လို ဒီဂရီနဲ့ ခံစားပြီး သတ်မှတ်ပါ သလဲ အရင် ဖြေပေးပါ။ 

၁ဝ. အလ္လာဟ်ရှင်သာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူငြင်းနိုင်ပါသနည်း။ စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
ဒုက္ခ ဆိုတဲ့ ခံစားချက်က ဘာကြောင့် ဖြစ်လာသလဲ။ ဘယ်လို အရာကို ဒုက္ခရယ်လို့သတ်မှတ်တာလဲ။ အရင်ဖြေပေး စေလို တယ်။ တော တိရိစ္ဆာန်တွေမှာ စီးပွားရေး၊ တိရိစ္ဆာန်မှုရေး၊ ပညာရေး၊ ကျမ္မာရေး အိမ်ထောင်ရေး၊ သားရေး သမီးရေး အိုရေး၊ နာရေး၊ သေရေး- ဆိုတဲ့ ဒုက္ခအစုတွေကို ခံစားမှု ဖြစ်ပေါ်ပါသလား။ သဘာဝကျကျ အရင်ဖြေပေးစေလိုတယ်။ မေးခွန်းတွေ ထပ်နေလွန်းလို့ပါ။

၁၁. အလ္လာဟ်ရှင်သည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘဝကို ကြမ်းတမ်းစေ သနည်း? မအိုမနာ မသေသော ဂျန္နတ်သုခဘုံသို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေ သနည်း?  အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့် ကိုက်ညီအောင် သုံးနှုံးဖြေကြားပေးပါ။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း စသည့် အရာရာတိုင်းသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းသာ ဖြစ်သည် ဟုဆိုပါက၊ သူတပါး၏ စော်ကားခံရသောအမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် အလ္လာဟ်ရှင်၏ အလိုတော် အတိုင်းဟု သဘောသက်ရောက်ဖွယ်ရှိပေသည် ။ ဒီလိုဆိုပါက အလ္လာဟ်ရှင်၏ ဂရုဏာတော်က မည်သို့နည်း?
ဒီမေးခွန်းတွေက အကြောင်းအရာထပ်ပြန်တစ်လဲလဲ ဖြစ်နေပါတယ်။ အပေါ်က မေး၊ ဖြေများကို ပြန်လည် ဆွေးနွေးပြီးမှ ထပ်ဆင့် ဆွေးနွေးပါ။

၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း? သူ့ဟာသူဆိုးမိုက်လာ ရသည်ဟု ဆိုပါက အနန္တတန်ခိုးတော် ဖြင့် ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့်သူဖန်ဆင်းသော လူတွေကို သူမထိန်းသိမ်းနိုင်သနည်း? အလ္လာဟ်ရှင်၏ တန်ခိုးတော်က မည်သို့နည်း?
ဒီမေးခွန်းက အတော်လေး အဆင့်ရှိပါတယ်။ ဒီလို မေးခွန်းမျိုးကို အသိအမှတ်ပြုပါတယ်။ မိတ်ဆွေ အနေနဲ့ ဒီလို မေးခွန်းမျိုးကို အစာကျေညက်အောင် နားလည်လိုရင်၊ “လွတ်လပ်ခွင့် ဆိုတာ ဘာလဲ၊” ”အာဏာရှင် ဆိုတာ ဘာလဲ” ဆိုတာလေးကို နားလည် သလောက် ပြန်လည် ဆွေးနွေးစေလိုတယ်။  

၁၆. ကိုယ့်ဟာကို ရှာစားပြီး အလ္လာဟ်ရှင်ကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍ ပြည့်စုံခြင်းကို အလ္လာဟ်ရှင် ပေးသည် ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင် မရှာထားပါက အစားအစာရပါမည်လော။ သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား။ ထိုသို့ (စားရခြင်း၊ ပြည့်စုံ ရခြင်း အကျိုးတရားတို့တွင် အလ္လာဟ်ရှင်၏ လုပ်ဆောင်ချက် ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူး တင် ရာ ရောက်မနေဘူးလား၊ သဘာဝကျအောင်စဉ်းစားဖြေကြားပေးပါ။
ဒါလည်း ကောင်းတဲ့ မေးခွန်းပါပဲ။ မိတ်ဆွေအနေနဲ့ ဉာဏ်၊ ဉာဏ်ဖြစ်တည်မှု၊ ဉာဏ်စဉ်ထိုးဖေါက်နိုင်မှုများကို ဘယ်ထိ နားလည်ထားပါ သလဲ။ လုံးဝ ထပ်ဆင့်ပံ့ပိုးဉာဏ်မရှိတဲ့ သန်း-ထောင်ပေါင်းများစွာသော တိရိစ္ဆာန်များ အနေနဲ့- စီးပွားရေး မရှိသလို ရိက္ခာအတွက် ကြို တင် ပြင်ဆင်ထားစရာလည်း မလိုအောင် သူတို့ဘ၀အတွက် ရိက္ခာရှိနေပါတယ်။ သူတို့မှာ စီးပွားရှာစားဘို့ ပညာသင်စရာလည်း မလိုပါ။ ဘယ်နေရာမှာ စားကျက်ရှိသလဲ သူတို့အနေနဲ့ အလိုလို သိနေပါတယ်။ လူတွေမှာမှ လိုအပ်နေတယ်။ အဲ့ဒါ ဘာကြောင့်လဲ- ဆိုတာကို အရင် စဉ်းစားပါ။ (စဉ်းစားမိသလောက်နဲ့ ဆက်ဆွေးနွေးပေးပါ။) နို့မဟုတ်ရင် ရှေးဘ၀ကံကြောင့် ကိုယ့်ဟာကိုယ် လူဖြစ်လာတာပဲ၊ မိဘဆိုတာလည်း မလိုအပ်ဘူး- ကျေးဇူးတင်စရာ မလိုဘူး ဆိုပြီး တလွဲကျေးဇူး ကန်းနေပါဦးမယ်။

၁၈. အလ္လာဟ်ရှင်သည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ ဂြိုလ်အသီးသီးမှ ဂြိုလ်သားများ ဤကမ္ဘာသို့ရောက် ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို သိပ္ပံသုတေသနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေ ရပါသည် ။ ထိုဂြိလ်သားများကို အလ္လာဟ်ရှင်ဖန်ဆင်းခဲ့သလား ။ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။
တစ်ခု ဆိုရင် လုံလောက်သလား။ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေအတွင်း ပြောဆိုသမျှကို သိနေတော်မူ၏” (ကုရ်အံ ၂၁း၎)။ လို့ ဆိုထားတယ်။ “ပြောဆိုသမျှ” ဆိုတဲ့ ဝေါဟာရကို “အလ်ကောင်းဝ်လို့- စကားပြောခြင်း”လို့ သုံးထား တယ်။ ဒီဝါကျမှာ မိုးများလို့ ဘာသာပြန်တဲ့ ဆမာ- အာကာသများ ဆိုတာကို အများကိန်းနဲ့ သုံးတယ်။ ဒီလိုကျမ်းချက်တွေ ကုရ်အံမှာ မြောက်များစွာ ဖေါ်ပြထားတယ်။ အာကာသများ ဆိုတာက- ကုရ်အံအရ အာကာသ တစ်ခု (မိုးကောင်းကင်လို့ သတ်မှတ်ဘွယ် တစ်ခုတိုင်းဟာ ကမ္ဘာမြေ တစ်ခုနဲ့ ကိုယ်စားပြုတယ်။ ဆိုလိုတာက မိုးကောင်းကင် တစ်ခုတိုင်းမှာ ကမ္ဘာမြေကဲ့သို့ တစ်ခုစီရှိတယ်။ အဲ့ဒီမှာ “စကားပြောတဲ့ သတ္တ၀ါတွေ” ရှိတယ်-လို့ ဆိုထားတယ်။ လူသားမျိုးဆက်ဟာ နောင်တစ်ချိန်မှာ အခြားဂြိုလ်တစ်ခုကို ပြောင်းရွှေ့သွားမယ်။ ဒီအခါ ဒီကမ္ဘာကိုသာ လူတွေနေတဲ့ အရာလို့ အယူသည်းနေ သူများက ကမ္ဘာမှာပဲ ကျန်ခဲ့ပြီး ပြောင်းရွှေ့သူများကို အရူးတွေ လို့ ပြောဆိုလိမ့်မယ်။ တားမြစ်လိမ့်မယ်၊ အနှောင့်အယှက် ပေးလိမ့်မယ်။- ဆိုတာကို ကုရ်အံရဲ့ ၁၄း ၄၈။ ၁၅း၁၄-၁၅ မှာပြောထားတယ်။
မွတ်စလင်တိုင်း (စာတတ်တတ်၊ မတတ်တတ် လက်ခံထားတာက- ဒီကမ္ဘာမှာ လူမျိုးဆက် ဖြစ်လာတာလည်း အခြား ဂြိလ်တစ်ခုကနေ ပြောင်းလာတာ ဖြစ်တယ် လို့ ဖြစ်တယ်။ ဒါကို သက်သေပြဘို့ မက္ကာဟ်မြို့မှာ အာဒံနဲ့ အတူပါလာတဲ့ ဥက္ကာခဲ တစ်ခုကို ထိန်းသိမ်းထားတယ်။ ဥက္ကာခဲ ဆိုတာ အခြားဂြိုလ်တစ်ခုက ကျောက်ခဲပါ။ ဒီကျောက်ခဲကို မြင်တွေ့ရရင် ငါ တို့ လူသားတွေဟာ အခြားဂြိုလ်တစ်ခုက လာခဲ့တာပါလား၊ နောက်တစ်ချိန် ဒီကမ္ဘာ နိဂုံးချုပ်မယ့် အချိန်မှာ ငါတို့ အနေနဲ့ အခြား ဂြိုလ်တစ်ခုကို ပြောင်းရမယ်ပါလားလို့ သတိရစေဘို့-ဖြစ်တယ်။ ဖျက်တော့မယ့် ရွာတစ်ရွာကို ထားခဲ့ပြီး နောက်ရွာသစ် တစ်ခုကို ပြောင်းသလိုပါပဲ။)
ဗုဒ္ဓဘာသာ ကျမ်းစာမှာ အဲ့ဒီလို ပြောထားတာ ရှိပါသလား။ ကမ္ဘာပျက်မယ်လို့တော့ ဗုဒ္ဓဘာသာအပါအ၀င် ဘာသာတိုင်းမှာ ပြောတယ်။ ကမ္ဘာပျက်သွားရင် မွေးကင်းစကလေးတွေလည်း အားလုံး ပါသွားရမလား။ ဒါဟာ ရှေ့ဘ၀ ကံကြောင့်ပဲလား။ ပြီးတော့ နောက်ထပ် ကမ္ဘာတစ်ခု ဖြစ်တည်လာမယ်။ ပြီးရင် လူတွေက အဲ့ဒီ ကမ္ဘာမှာ မှိုပေါက်သလို ပေါက်လာဦးမှာလား။ အဲ့လိုပေါက်လာပြီးမှ လူမျိုးပြန့်ပွား၊ ပြီးမှ ရှေ့ဘ၀ကံနောက်ဘ၀ကံ- ဒဏ္ဍာရီတွေကို ပြန်ပြောဦးမှာလား-၊ ယုတ္တိရှိရှိ ဖြေပေးပါ။

၁၉.သိပ္ပံစမ်းသပ်မှုတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း အလ္လာဟ်ရှင်၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေ သကဲသို့ သက်ရောက်နေပါသည်။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ဟုပြောမလား ။ ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ် ရှိရှိ ငြင်းချက်ထုတ်ပါ။
ကမ္ဘာမှာ ကုရ်အံမှအပ အခြား ဘာသာရေးကျမ်း၊ နိုင်ငံရေးကျမ်း၊ သိပ္ပံပညာရပ်ကျမ်းများ၊ ဘာသာဗေဒဆိုင်ရာ ပညာရပ် ကျမ်းအားလုံးက မကြာခဏ ရှေ့နောက် မညီမညွတ်တဲ့ အဆိုတွေကို တင်ပြနေပါတယ်။ တနည်းအားဖြင့် ရှေ့တစ်မျိုး ပြောလိုက် မကြာမှီ ဘွာခတ် ပြီး နောက်တစ်မျိုးပြောလိုက်ချည်း ဖြစ်နေပါတယ်။ ဒီတော့ မကြာခဏ ဘွာခတ်နေတဲ့ အဆိုများကို လက်ခံမလား၊ သို့မဟုတ် တစ်သမတ်တည်း ယုတ္တိရှိရှိပြောနေတဲ့ ကျမ်းမြတ်ကုရ်အံ ကို လက်ခံမလား- ဆင်ခြင်ဉာဏ်ရှိတဲ့ လူတိုင်း ဆင်ခြင်လို့ ရပါတယ်။

ကုရ်အံထဲက ပြောတဲ့ စကားတစ်ခွန်းလောက် ယုတ္တိမရှိကြောင်း သက်သေပြပေးနိုင်မယ်ဆိုရင် မိတ်ဆွေနဲ့ ဘာသာပြောင်းကြေး ဆွေးနွေး ပါမယ်။ အဲ့ဒီ အတွက် ကြိုဆိုလျှက်ပါ။


 
သူရိယ

Bottom 2

ဝေဖန်အကြံပြုလိုပါက

Ĭ